Monday, May 31, 2010

Maung Soe Moe - Your Car and Your Ditch

ငါ့ကားငါမောင်း ဘယ်မြောင်းရောက်ရောက်
မောင်စိုးမိုး
ဇွန် ၁၊ ၂၀၁၀
သူငယ်ချင်း …
မင်းစီးတဲ့ မြင်း
မင်းပဲဇက်ကိုင်
မင်းနိုင်လို့ မင်းစိုင်း
စစ်ကိုင်းပဲ ရောက်ရောက်
ဘယ်ပဲရောက်ရောက်ပေါ့။ 
သူငယ်ချင်း …
မင်းစီးတဲ့လှေ
မင်းခြေ မင်းလက်
မင်းတက် မင်းကိုင်
မင်းနိုင်လို့ မင်းထိုး
ပဲခူး(ဗဂိုး)ပဲ ရောက်ရောက်
ဘယ်ပဲရောက်ရောက်ပေါ့။ 
သူငယ်ချင်း …
မင်းစီးတဲ့ကား
မင်းသား မင်းမယားနဲ့
အားလုံးတက်ထိုင်
မင်းနိုင်လို့ မင်းမောင်း
ဘယ်မြောင်းပဲ ရောက်ရောက်
ဘယ်ချောင်းပဲ ပေါက်ပေါက်ပေါ့။ 
ဒါပေမယ့် သူငယ်ချင်း
မင်းမောင်းတဲ့ဘတ်စ်ကား
ဒို့အများ စီးတဲ့အခါ
သွက်သွက်ခါနေပုံများ
အားလုံးက ‘ရင်မ’ ထားပြီးတော့
‘ဘုရား’ ‘ဘုရား’ ‘ဘုရား ‘ဘုရား’နဲ့
တပဲသား ကုသိုလ်
ငရဲဆို အနန္တ
အရှင်လတ်လတ်
ငရဲကျနေကြပေမယ့်
မင်းကတော့ ကြမ်းမြဲမို့
ဝမ်းနည်းစရာ ပြည်သူ့အသက်
ဘယ် “ဖက်” နဲ့ ထုပ်ရပါ့မလဲ သူငယ်ချင်း။ ။

Yan Win Taung Ta Gar - Taung Tha Man Bridge of Mandalay

TaungThaMan

တောင်သမန်လေညင်းနဲ့ အင်းပေါ်က တံတား
ရန်ဝင်း(တောင်တံခါး)
သရုပ်ဖော် ပန်းချီစစ်ငြိမ်းအေး
ဇွန် ၁၊ ၂၀၁၀
(ကောင်းကင် - www.kaungkin.com ကနေ ကူးယူဖော်ပြပါတယ်)
“ ရေချိုတွင်းက မြနန်းစံ၊ ရွှေဘိုမင်းဆက် ပြန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ၊ အင်း အင်း အင်းကြီးတောင်သမန်။”
တောင်သမန်၊ နန်းတော်ရှေ့ ဆရာတင် (ကိုယ်တိုင်ဆို)
          တောင်သမန်အင်း နဲ့ တောင်သမန်တံတား ရဲ့ အလှဟာ ပထမဦးဆုံးအကြိမ် ရောက်ဖူးသူတွေ ကို နောက်တခါ ပြန်လာချင်အောင် ဆွဲဆောင်သလိုပဲ၊ ရောက်ဖူးသူတွေကိုလည်း အကြိမ်ကြိမ် အခါခါ ပြန်လာနိုင်ဖို့အတွက် တောင့်တစေပါတယ်။
ဦးပိန်တံတား လို့ ဒီနေ့ လူသိများတဲ့ တောင်သမန်တံတား ပေါ် လမ်းလျှောက်နေတုန်းမှာဖြစ်ဖြစ်၊ တခါတလေ ဇရပ်ကလေး တခုခုမှာ အမောပြေ ထိုင်နေတုန်းမှာပဲဖြစ်ဖြစ်၊  အင်းရေပြင်ကို ဖြတ်သန်းလာတဲ့ လေညင်းကလေးက သုတ်ကနဲ ဝင်လာတတ်တယ်။ ပူပြင်းတဲ့ နေ့လည်ချိန်မှာဆိုရင် အဲဒီ လေညင်းကလေးက ရင်ထဲကို အေးကနဲ တိုက်ခတ်သွားပါတယ်။ မယ်ဇယ်ပင်တန်း၊ အင်းရေပြင်နဲ့ တောင်သမန်တံတား ကို အဝေး အနီး ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် အချိန်မရွေး ရာသီမရွေး လှနေတာပါပဲ။
တိုင်ပေါင်း ၁ဝ၈၆ တိုင် နဲ့ ဖြုတ်လို့ တပ်လို့ ရတဲ့ အခန်းအရှင် ၉ ခုအပါအဝင်၊ အခန်းပေါင်း ၄၈၂ ခန်း၊ ၁.၂ ကီလိုမီတာ ရှည်တဲ့ ကျွန်းသစ်သား တံတား ဆိုပြီး ဒီနေ့ ကမ္ဘာလှည့် ခရီးသည်တွေ အကြားမှာလည်း ကျော်ကြားပါတယ်။
အမရပူရ မြို့နယ် တောင်သမန်အင်း ကို ဖြတ်ပြီးဆောက်ထားလို့ ရှေးတုန်းက တောင်သမန်တံတား လို့ခေါ်ကြတယ်။ ကုန်းဘောင်မင်းဆက် ၉ ဆက်မြောက် ပုဂံမင်း အမိန့်နဲ့ တံတားဆောက်ဖို့ တာဝန်ယူရတဲ့ အမရပူရမြို့ဝန် ဘိုင်ဆပ်ရဲ့ မြို့စာရေး ဦးပိန် ကို အကြောင်းပြုပြီး နောက်တော့ ဦးပိန်တံတား လို့ ခေါ်ကြတယ်။ ဒီနေ့မှာတော့  ဦးပိန်တံတားလို့ ခေါ်တာက များလာတယ်။
စစ်ကိုင်း နဲ့ အင်းဝ မြို့ဟောင်းတွေက အိမ်ဟောင်း ကျောင်းဟောင်းတွေ ဖျက်ယူလာတဲ့ သစ်သား အဟောင်းတွေကိုသုံးပြီး ခရစ်သက္ကရာဇ် ၁၈၅၁ မှာ တောင်သမန်တံတား ကိုဆောက်ပြီးခဲ့တယ်။
တောင်သမန်တံတား ကိုဆောက်ခဲ့တဲ့ မြို့ဝန် ဘိုင်ဆပ် နဲ့ သူ့ စာရေး ဦးပိန် တို့ဟာ သမိုင်း မှာ နာမည် မပြောင်မြောက်ရုံမကဘဲ အင်မတန် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတွေပါပဲ။ အာဏာကို အလွဲသုံးပြီး သာမန် လက်လုပ်လက်စား လူတန်းစားတွေကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသူတွေပါ။ သူတို့ရဲ့ပယောဂကြောင့် အပြစ်မဲ့တဲ့ လူတွေ အများကြီး အသက်ဆုံးပါး ခဲ့ရတယ်။ သားပျို သမီးပျိုတွေ ပျက်စီးခဲ့ကြရတယ်။
အဲဒီအချိန်တွေ အတောအတွင်းမှာလည်း တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေတယ်။ တိုင်းတပါးနယ်ချဲ့ ကျူးကျော်လာတာကို ရင်ဆိုင်ရတဲ့ ပြဿနာတွေအပြင်၊ နယ်စပ်တိုင်းပြည်တွေနဲ့လည်း ပြည်ထဲရေးက မအေးမချမ်းဖြစ်နေတယ်။  ဘုရင်တွေ မင်းနေပြည်ပြောင်းကြ၊ နန်းတွင်းအင်အားပြိုင်ကြရာကစပြီး ရာဇဝတ်သင့် အကွပ်မျက်ခံကြရလို့  နာမည် အဆိုး အကောင်း အမျိုးမျိုးနဲ့ ထင်ပေါ် ကျော်ကြားတဲ့ မင်းမိဖုရား၊ မင်းညီမင်းသား၊ မင်းသမီးတွေ၊ နောက်လိုက်နောက်ပါတွေ အသက်ဆုံးပါးခဲ့ကြရတာကလည်း မနည်းလှပါ။
ဒါကြောင့် တောင်သမန်အင်း နဲ့ တောင်သမန်တံတား တဝိုက်မှာ ပြောပြစရာ ပုံပြင်တွေမနည်းခဲ့ဘူး။ ကြာလာတော့လည်း မယုံရင် ပုံပြင်မှတ်လို့ ဆိုရိုးစကား ရှိပေမယ့် သက်ကြီးစကား သက်ငယ်ကြား ဆိုသလိုပဲ တဆင့်ပြန်ပြောကြရမယ့် တကယ် ဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေကတော့ မပျက်ပြယ်နိုင်ဘူးလေ။
တောင်သမန်တံတား က တောင်သမန်အင်း ဟိုဖက်ကမ်း ဒီဖက်ကမ်း၊ ကမ်းနှစ်ခုကို ဆက်သွယ်ထားလေတော့ ဆက်သွယ်ရေးမှာ အရေးပါတယ်။  ဒီတော့ တောင်သမန် ရပ်ကွက် ၁၂ ကွက် မှာ နေကြတဲ့ ဒေသခံတွေရဲ့ နေ့စဉ် တဓူဝ သွားလာရေးအတွက် သုံးရတာကြောင့်ပဲဖြစ်ဖြစ်၊ အဝေးနယ်အရပ်ရပ်က အပန်းဖြေ အပျော် အလည်လာကြတာကြောင့်ပဲဖြစ်ဖြစ် တောင်သမန်တံတား က အမြဲစည်ကားနေပါတယ်။ သမိုင်းကြောင်းကို သိတဲ့သူတွေက သံဝေဂ သင်ခန်းစာ ယူကြရတယ်။ ရော်ရမ်း တမ်းတနေမိတာမျိုးမဟုတ်ပေမယ်လို့  တမျိုးတဖုံတော့ ရှေးခေတ်ဟောင်းကို လွမ်းကြရပေလိမ့်မယ်။ သမိုင်းကြောင်းကို မသိတဲ့သူ၊ မကြားဖူးသူတွေမှာတော့ တောင်သမန်အင်း နဲ့ တောင်သမန်တံတား ရဲ့ အလှအပ တွေကိုသာ ခံစားနိုင်ကြပေမယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ အချိန်တွေ ရာသီတွေ ဘယ်လိုပဲ ပြောင်းစေတော့၊ လေညင်း ပြေပြေ အနော့မှာ မယ်ဇယ်ပင်တန်း၊ တောင်သမန်အင်းတို့နဲ့အတူ တောင်သမန်တံတား ကတော့ လှမြဲလှနေပါမယ်။ အသုံးဝင်မြဲ အသုံးဝင်နေပါမယ်။ တံတား ပေါ်မှာ နားနေကြရင်းနဲ့ ဖြတ်သန်းလာတဲ့ ခေတ်အဆက်ဆက်မှာ နောက်ထပ်တိုးလာမယ့် ပုံပြင်သစ်တွေကိုလည်း ဆက်ပြီး ပြောနေကြရပါလိမ့်မယ်။
“တောင်သမန်၊ ကြည် အင်းရေ လှိုင်းငွေ မြူးကာနေ၊ ညင်းလေယဉ် ပြေပြေ၊”
တောင်သမန်၊ မြို့မငြိမ်း
          ရန်ဝင်း (တောင်တံခါး)
 အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
(၁)  တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့၊ မြသန်းတင့်၊ မတ်လ၊ ၂ဝဝ၆
(၂)  တောင်သမန်ဝန်းကျင် သမိုင်းဝင်နေရာများ၊ ကိုပညာ (အမရပူရ)၊ ဒု-အကြိမ်၊ ဇန္နဝါရီ၊ ၂ဝဝ၎
(၃)  ကုန်းဘောင်ကိုဆန်၍၊ ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)၊ ဒီဇင်ဘာ၊ ၂ဝဝ၁
(၄)  ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄

Cartoon Aung Htet -

ကာတွန်း အောင်ထက် - စုနိုင်မှ တော်ကာကျ - ပုံ တပ်မတော်
ဇွန် ၁၊ ၂၀၁၀

Htain Linn - To Healthy World

ကမ္ဘာကြီး ကျန်းမာပါစေ
ထိန်လင်း
ဇွန် ၁၊ ၂၀၁၀
          လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က ‘ကမ္ဘာကြီး ကျန်းမာပါစေ’ ခေါင်းစဉ်နဲ့ ပြည်တွင်းက လစဉ်ထုတ် မဂ္ဂဇင်းတစ်စောင်မှာ ဆောင်းပါးရှည် ၃ ပုဒ်လောက် ရေးခဲ့ဖူးပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စာအုပ်စာတမ်း၊ ဆောင်းပါးပေါင်း ၁၀၀ ကျော်လောက်က ရရှိတဲ့အချက်အလက်များနဲ့ ကိုယ်တွေ့အမြင်ကို ပေါင်းစပ်ပြီး ရသပုံစံ နိဒါန်းများနဲ့ ရေးသားခဲ့တာပါ။
          ဆောင်းပါးတွေရဲ့ဦးတည်ချက်က လူသားတွေ ဖျက်ဆီးလိုက်လို့ ဆိုးကျိုးတွေဖြစ်သွားတဲ့ ကမ္ဘာကြီးက လူသားတွေကို ပြန်လည်ဒဏ်ခတ်ပုံများနဲ့ ဆင်ခြင်သင့်တဲ့အရာတွေကို ကြိုတင်ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ ပညာရှင်များလေ့လာပြုစုထားတဲ့ အချက်အလက်တွေ၊ တွေ့ရှိချက်တွေကို ဖတ်ရှုဖြစ်တော့မှ ကျနော်ကိုယ်တိုင် စိုးရိမ်ကြောက်လန့်မှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။
          ပညာရှင်များရဲ့ ခန့်မှန်းတွက်ချက်မှုများအတွင်းက သက္ကရာဇ် ဘယ်လောက်မှာ ကမ္ဘာပေါ်က လူဦးရေအားလုံးရဲ ၂၅ ရာခိုင်နှုန်းက သောက်ရေပြတ်လပ်မှု အခက်အခဲတွေ့ကြုံရမယ်၊ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ ပျော်ကျတဲ့အခါ ပစိဖိတ်သမုဒ္ဒရာအတွင်းက ဘယ်ကျွန်းတွေ ရေအောက်ထဲရောက်သွားနိုင်တယ်၊ စက်မှုလုပ်ငန်းတွေက ထွက်ရှိတဲ့ အဆိပ်ဓာတ်တွေကြောင့် အက်စစ်မိုးတွေ ဘယ်နေရာတွေမှာ ရွာကျနေတယ်၊ မီသိန်းဓာတ်ငွေ့တွေ ကလိုရိုဖလူရိုကာဗွန်တွေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကြောင့် အိုဇုန်းလွှာနဲ့ ဖန်လုံအာနိသင်တွေအပေါ် အကျိုးသက်ရောက်ပုံ စတဲ့အချက်ပေါင်းများစွာက ကမ္ဘာကြီးအတွက် စိုးရိမ်စရာဖြစ်ကြောင်း သိခဲ့ရပါတယ်။
          အဲဒီတုန်းက ကမ္ဘာကြီးက ဘေးဒုက္ခကြုံတွေ့နေရတဲ့ အာဖရိကတိုက်လို နေရာမျိုး ငါတို့တိုင်းပြည် တော်တော်နဲ့ မရောက်နိုင်သေးဘူး၊ ကြိုတင်ပြင်ဆင်ဖို့ အချိန်တွေ ရှိနေသေးတာပဲ၊ လူထုကို အသိပေးရမယ် စတဲ့ အတွေးနဲ့ အသိရှိခဲ့တာအမှန်ပါ။ ဒါပေမယ့် အခုတော့ ဘယ်သူမှ တွေးမထားတဲ့၊ မျှော်လင့်မထားတဲ့ အခြေအနေတွေ ကျနော်တို့တိုင်းပြည်မှာ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ ရင်ဆိုင်နေရပါပြီ။
          ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုလောက်ကစပြီး မြန်မာပြည်ရဲ့ သဘာဝ ရေမြေအနေအထားတွေ တဖြည်းဖြည်း ပျက်စီးလာခဲ့ပြီး ဆယ်စုနှစ် ၂ ခုလောက်ကနေ ဒီကနေ့အထိ တရှိန်ထိုး ပျက်စီးသွားရတယ်လို့ သာမန်လူတစ်ဦးရဲ့ အတွေ့အကြုံ အမှတ်အသားနဲ့ ကောက်ချက်ချမိပါတယ်။ အခြေခံအကြောင်းများက လူထုရဲ့ ပူးပေါင်းပါဝင်မှု အားနည်းလို့ မဟုတ်ဘဲ အုပ်စိုးသူများ တာဝန်ရှိသူများရဲ့ အသိနဲ့ ပညာမဲ့မှုက ပိုပြီးအဓိကကျနေပါတယ်။
          မြန်မာပြည်ကို အုပ်စိုးနေသူတွေက တိုင်းပြည်ရဲ့လက်ရှိအနေအထားတွေကိုသာမက အနာဂတ်ကိုပါ မတွက်ဆတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကို အကြံပေးနေတဲ့ ပညာရှင်ဆိုတဲ့သူများကလည်း ဘယ်လိုပညာရှင်တွေလဲ ဆိုတာ မစဉ်းစားတတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒီပလိုမာတွေ သင်တန်းတွေ မတက်ထားတဲ့ သာမန်လူတစ်ဦးအနေနဲ့ တွေးမိတာလေးတွေ တင်ပြချင်ပါတယ်။
          ကျနော် အလယ်တန်းကျောင်းသားလောက်က ကျိုက်ထီးရိုးကို ပထမဆုံး ရောက်ပါတယ်။ အဲဒီတုန်းက အမှတ်ရခဲ့တာက စိမ်းလန်းအုံ့ဆိုင်းနေတဲ့ ရေမြေတောတောင် သဘာဝတွေဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ ရေမြောင်ကြီးစခန်းပါ။ ကျောက်တုံးကျောက်စိုင်တွေကြားက ထွက်လာတဲ့ စိမ့်ရေတွေကို တမံလုပ်ပြီး သွယ်ပေးထားတဲ့ ရေတွေဟာ ၂၄ နာရီပတ်လုံး တရဟော စီးဆင်းနေပြီး အမျိုးသားတွေက ပိုက်လုံးကြီးတွေက ကျလာတဲ့ ရေတွေကို ချိုးကြသလို အမျိုးသမီးတွေကလည်း အဲဒီကနေ ဆက်လက်စီးဆင်းသွားတဲ့ စမ်းချောင်းငယ်အတွင်း ချိုးကြပါတယ်။ ငယ်ဘ၀မှာ ရောက်ခဲ့ရပေမယ့် ဒီမြင်ကွင်းကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ အဲဒါက မဆလ ခေတ်နှောင်းပိုင်း ကာလပါ။
          လက်ရှိ စစ်အစိုးရလက်ထက်အတွင်း ကျိုက်ထီးရိုးကို နောက်ထပ် ၂ ကြိမ်ရောက်တဲ့အခါ ပထမ မြင်ခဲ့တာတွေနဲ့ အများကြီးဆန့်ကျင် ပြောင်းလဲသွားတာ တွေ့လိုက်ရပါတယ်။ အရင်က စိမ်းစို အုံ့ဆိုင်းနေတဲ့ တောရိပ်တွေဟာ ကျဲပါးသွားပြီး အေးစိမ့်နေတဲ့အနေအထားကလည်း အပူဘက် ကူးပြောင်းသွားပါပြီ။ ရေမြောင်ကြီးကလည်း စမ်းချောင်းစီးဖို့ လုံလောက်တဲ့ စိမ့်ရေစမ်းရေတွေ မရှိတော့ပါဘူး။ ဒါဟာ တောပြုန်းပြီး ရေဝေကြောပျက်စီးကုန်တာ ဖြစ်ပါလိမ့်မယ်။ အကျိုးဆက်ကတော့ အပူချိန်မြင့်တက်လာမှာပေါ့။
          အင်းလေကန် ရေပြင် တဖြည်းဖြည်း နိမ့်ကျလာကြောင်း မြန်မာပညာရှင်တစ်ဦး စတင်ထောက်ပြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ နီးပါးလောက်ကတည်းက ဖြစ်ပါတယ်။ မြန်မာ့ဓန မဂ္ဂဇင်းမှာတောင် အဲဒါနဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ပါဖူးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အာဏာပိုင်ဘယ်သူကမှ အရေးမလုပ်ခဲ့ပါဘူး။ အခုတော့ ‘မသေခင် မြင်တွေ့သင့်တဲ့ ကမ္ဘာပေါ်က နေရာ ၁၀၀၀’ စာအုပ်ထဲမှာတောင် ထည့်သွင်းဖော်ပြခံရတဲ့ အင်းလေးကန်ကြီး အဆိုးဆုံး ရေခန်းခြောက်တာ ကြုံလိုက်ရပါပြီ။ အာဏာပိုင်တွေအနေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီက ပိုက်ဆံကို မျှော်လင့်နေတယ် ဆိုရင်တောင် ရေခြောက်နေတဲ့ ကန်ကြီးနဲ့ ဘယ်လို ငွေရအောင်ရှာမလဲ ဆိုတာက သတိပြုစရာပါ။
          မယုံကြည်နိုင်လောက်အောင် ခန်းခြောက်သွား အင်းလေးကန်ကြီး လိုပဲ အာဖရိမှာ တွေ့ကြုံခဲ့ရတဲ့ ရေပြဿနာ ကျနော်တို့ဆီ ရောက်လာခဲ့ပါပြီ။ အရင်က မိုးခေါင်ရေရှားရပ်ဝန်းလို့ ခေါ်ဆိုခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းရဲ့ ဒုက္ခတွေ ကျန်တဲ့အရပ်တွေမှာပါ ရင်ဆိုင်နေရပါပြီ။ အသိဥာဏ်နည်းတဲ့ အုပ်စိုးသူတွေက ဆည်မြောင်းတွေ ဘယ်လောက်တည်ဆောက်ပြီးပြီ၊ ရေကာတာတွေ ဘယ်လောက်ရှိနေပြီ ဆိုပြီး ကြွေးကြော်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ပြည်သူများက ခါးစည်းခံနေရပါတယ်။
          ထင်းရှားလို့ သစ်ပင်ခုတ်တာကို တားဆီးဖို့ မြန်မာ့သစ်တောက ‘သစ်တစ်ပင်ခုတ် အချုပ် ၃ လ’ လို့ အရင်က သတ်မှတ်အရေးယူခဲ့ပါတယ်။ ဒါပေမယ့် လူတွေက သိပ်မကြောက်လို့ ‘သစ်တစ်ပင်ခုတ် ထောင် ၃ နှစ်’ လို့ ပြောင်းခဲ့ရပုံကို သစ်တောဌာနက ဦးရီးတစ်ယောက် ပြောပြဖူးပါတယ်။ တကယ်တော့ သစ်ပင်တွေ အများအပြား ခုတ်ခွင့် ရနေသူတွေက မိသားစုအတွက် ခိုးခုတ်နေသူတွေမဟုတ်ဘဲ အာဏာပိုင်တွေဆီက လုပ်ကွက်ရနေသူတွေ ဖြစ်ပါတယ်။
          သစ်ခုတ်ရာမှာလည်း စည်းမျဉ်းစည်းကမ်းတွေအတိုင်း ခုတ်တာမဟုတ်ဘဲ ကိုယ်ပိုင်မြေအတွင်းက သီးပင်စားပင်တွေကို စိတ်တိုင်းကျ အသုံးပြုသလို ထင်တိုင်းခုတ်ပစ်တာပါ။ “ငါတို့က သူတို့ကို ပိုက်ဆံပေးပြီး ယူထားရတာလေ။ ဒီတော့ ရှိသမျှ အကုန်ခုတ်မှာပေါ့။ လူတိုင်း ဒီလို လုပ်ကြတာပဲ” လို့ ပါမစ်နဲ့ သစ်လုပ်ငန်း လုပ်ခွင့်ရသူတစ်ဦးက ပြောဖူးပါတယ်။ ဒီလိုခေတ်မျိုးမှာမှ သစ်တော့မပြုန်းရင် ဘယ်ခေတ်မှာ ပြုန်းမှာလဲ လို့ စိတ်မသက်မသာ တွေးမိပါတယ်။
          လူကြီးတွေ ပြောလေ့ရှိတဲ့ ‘ခါးတောင်းကျိုက်တခြား ဖင်တခြား’ လုပ်ရပ်တွေကိုလည်း အများသူငါ တွေ့နေရပါသေးတယ်။ ‘ကုန်သွားတဲ့ သစ်တောတွေ ဖြည့်ဆည်းဖို့’တဲ့ ကျွန်းစိုက်ခင်းတွေ စိုက်ပါသေးတယ်။ အဲဒီစိုက်ခင်းတွေက သစ်တောဌာနတွေ၊ သစ်တောတွေမှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့လို မြို့ကြီးတွေက နေရာတွေမှာပါ။ ပြီးတော့ တစ်ပင်နဲ့တစ်ပင် ကပ်လျက်။ ဘာမှ စနစ်တကျမရှိတော့ တဖြည်းဖြည်း သေကုန်တာပဲ အဖတ်တင်ပါတယ်။
          ညောင်ဦးဘက်ရောက်တုန်းက ‘ကိုးခရိုင်စိမ်းလန်းသာယာရေး’ ဆိုတဲ့ စီမံကိန်းကြီးအောက်မှာ ဒုက္ခရောက်နေသူများကို တွေ့ခဲ့ပါတယ်။ သူတို့က ပူပြင်းလှတဲ့ ရာသီဥတုအောက်မှာ တနေကုန် ရေကားကြီးတွေ မောင်းပြီး ရေလောင်းနေရတာပါ။ စိုက်ထားတဲ့သစ်ပင်တွေက တော်ရုံနဲ့မသေအောင် အပင်ကြီးတော့မှ အုံလိုက် ရွှေ့ပြောင်းစိုက်ထားတဲ့ အရိပ်ရသစ်ပင်တွေမဟုတ်ဘဲ ပျိုးပင်တွေကို စိုက်ထားတာပါ။ စိုက်ထားတဲ့နေရာကလည်း အစုံ၊ တူရွင်းတောင်လို ကျောက်တောင်တွေပေါ်မှာပါ စိုက်ထားတာပါ။ ကျောက်သားပေါ်မှာ ပျိုးထားတဲ့သစ်ပင်ကို ရေဘယ်လောက်လောင်းရင် ရှင်သန်ကြီးထွားမယ်ဆိုတာ ကျနော်တော့ မတွက်တတ်ပါဘူး။ ရေလောင်းနေသူ သစ်တောဝန်ထမ်းကိုယ်တိုင်က “ဒီအပင်တွေ ရှင်မှာမဟုတ်ဘူး။ တာဝန်အရ လောင်းနေရတာ” လို့ ပြောပါတယ်။
          သစ်ပင်မခုတ်ဖို့ တောတောင်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ဆောင်ပုဒ်တွေနဲ့ နှိုးဆော်ထားတာကို မန္တလေးကနေ မေမြို့၊ မူဆယ် သွားတဲ့လမ်းတလျှောက် နေရာပေါင်းများစွာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုတကယ်တမ်းထိန်းသိမ်းဖို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ ထိရောက်မှုရှိအောင်ရော လုပ်ဆောင်ကြပါသလား။ မေးစရာမေးခွန်းတွေ အများကြီးပါ။
          ဖွံ့ဖြိုးပြီး စနစ်ကျတဲ့ တိုင်းပြည်တွေမှာ ဆည်တွေ တည်ဆောက်တဲ့အခါ ရေဝေကြော ပျက်စီးနိုင်မှု ရှိမရှိ ဆိုတာတွေအပြင် ရေလွှမ်းဧရိယာတွေ၊ ရေထဲမှာနဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေတဲ့ သတ္တ၀ါတွေအပါအ၀င် ဂေဟစနစ်တွေ ဒါတွေအားလုံးကို တွက်ချက်ပြီးမှ တည်ဆောက်ကြတာပါ။ အရေအတွက်များများ တည်ဆောက်နိုင်တယ်ဆိုတာ ဂုဏ်ယူဖို့သက်သက် မဟုတ်ပါဘူး။
          မြန်မာပြည်မှာ ကြုံတွေ့နေရတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေက သစ်တောပြုန်းတီးမှု၊ ရေဝေကြောတွေ ဂေဟစနစ်တွေ ပျက်စီးတာတွေနဲ့ ဆက်စပ်နေမယ်ဆိုရင် သံလွင်ရေကာတာ စီမံကိန်းတို့၊ မြစ်ဆုံရေကာတာ စီမံကိန်းတို့ အကောင်အထည်ပေါ် ပြီးစီးသွားရင် ဘယ်လောက် ပိုဆိုးသွားလေမလဲ။ တိုင်းပြည်ရဲ့အနာဂတ်ဟာ အုပ်စိုးသူများနဲ့သာ ဆိုင်တာမဟုတ်ပါဘူး။ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့အရာပါ။ ဒါကြောင့် အနာဂတ်ကို ကြိုတင်စဉ်းစားပြီး မဖြစ်သင့်တာတွေ မဖြစ်ဖို့ နိုင်သလောက် လုပ်ဆောင်သင့်ပါတယ်။
          ကမ္ဘာကြီး ကျန်းမာဖို့ဆိုတာ မြန်မာပြည်လို နေရာဌာန၊ တိုင်းနိုင်ငံအားလုံး ကျန်းမာမှ ဖြစ်မှာပါ။ တချို့သောအရာတွေက ထိုင်ပြီး ညည်းတွားနေရုံ၊ ကံကြမ္မာကို ယိုးမယ်ဖွဲ့ရုံနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ လုပ်သင့်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်လိုက်ဖို့ပါပဲ။          ။

ထိန်လင်း
၂၇၊ ၅၊ ၂၀၁၀

Burmese Communities in East Coast of USA to mark DASSK 65 together

အမေရိကန်အရှေ့ဖက်ခြမ်းပြည်နယ်များက မြန်မာတို့ ဒေါ်စု ၆၅ နှစ် မွေးနေ့ စုစည်းကျင်းပမည်
မိုးမခ ရွာဆော်ကြီး
ဇွန် ၁၊ ၂၀၁၀
လာမယ့် ဇွန်လ ၁၉၊ စနေနေ့မှာ ၀ါရှင်တန်ဒီစီ မှာ ပြည်နယ် မြို့နယ် ၇ ခုက မြန်မာမိသားစုတွေ စုဝေးပြီးတော့ မြန်မာပြည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ အခမ်းအနားကျင်းပမည့်အကြောင်း အားလုံးကို နွေးထွေးလှိုက်လှဲစွာ ဖိတ်ကြားထားပါတယ်။
ပထမအစီအစဉ်အနေနဲ့ သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်ရှေ့မှာ နေ့ခင်း ၁ နာရီက ၃ နာရီအထိ စုဝေးကြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အရေး ဦးစားပေးဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးနောက် ညနေ ၄ နာရီက ၇ နာရီ ကယ်ဗာရီ ဘက်ပစ် ချပ်မှာ မွေးနေ့အခမ်းအနားကို ယဉ်ကျေးမှုကပွဲ၊ ဗမာ့အငြိမ့်၊ ဓာတ်ပုံပြပွဲ စသည်တို့နဲ့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်း ရေရရှိရေး ၀ိုင်းဝန်းကူညီကြဖို့ နှိုးဆော်ရေး အစီအစဉ်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ၀င်ကြေးနဲ့ အစားအသောက်များကို အခမဲ့ လှူတယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ တခုတည်းသော အတိုက်အခံပါတီကြီး -အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို ထောက်ခံသူများ သွားဖြစ်အောင် သွားပြီး စုဝေး အင်အားပြသင့်တဲ့ ပွဲ တခု ဖြစ်ပါတယ်။

Mar Mar Aye -331

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၃၁)
ဆေးစက်ကျရာ အရုပ်ထင်တဲ့ သုမောင်
မာမာအေး
မေ ၃၁၊ ၂ဝ


မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ -
ပြီးသွားတဲ့ တပတ်မှာ သွားနှင့်လေသူ မောင်ငယ် သုမောင်ကလေး ကိစ္စပြောနေပါတယ်။ စာရေးဆရာလည်း ဖြစ်တယ်၊ ရုပ်ရှင်ဇာတ်လိုက် အဆိုတော် ဆိုတော့ ပြောစရာတွေ ရှိသေးတာပေါ့။ နောက်တပတ်ကျ ပြောဦးမယ်လို့လည်း ပြောထားတယ်မို့လား။

သူကျင်လည်ခဲ့ရာ အနုပညာရပ်ဝန်းတွေထဲမှာ မာအေးစပြီး သတိထားမိလာတာ သူမောင် - စာရေးဆရာကိုပါ။ ဦးလေး ကိုသာဓုကြီးရဲ့သား - ဘာတွေရေးပါလိမ့် ဆိုတဲ့ သိချင်စိတ်နဲ့ ကောက်ဖတ်မိတာ “အချစ်နဲ့သူ၏ကိုကို” ဝတ္ထုက အစဦးပါပဲ။ များလာတော့ နောက်ပိုင်း မဖတ်အားတော့ဘူး။ သူ့ရေးဟန်က ပြတ်တယ်၊ သွက်တယ်၊ တွေးပြီး ပြုံးရတဲ့ ဟာသကွက်တွေလည်း သူ့ရေးဟန်က တွေ့ရပါတယ်။ သူ့ကလေးတွေနဲ့ ဖြေမနိုင် ဖြစ်ရတာမျိုးလေး တွေကိုလည်း ဆရာကြီး သိပ္ပံမောင်ဝ စတိုင်မျိုးနဲ့ သောစရာလေး ရေးတတ်လို့ သဘောကျခဲ့ရပါတယ်။ လုံးချင်းထက် ဝတ္ထုတိုကို ပိုပြီး ကြိုက်ပါတယ်ရှင်။

သူ့မိဘက ပေးထားတဲ့ နာမည်ရှိပါတယ် “ဗလ” တဲ့ရှင့်။ မာအေးတို့ နယ်မှာတော့ “ဗလကြီး၊ ဗလကြီး” လို့ခေါ်ကြတာ များပါတယ်။ သူဟာ ဂီတသမားတွေ၊ ရုပ်ရှင်သမားတွေ၊ စာပေသမားတွေနဲ့ မကင်းနိုင်တဲ့ အခြေအနေမှာ ကြီးပြင်းလာတဲ့ အခြေခံနဲ့မို့ ဒီနယ်မြေ သုံးနေရာမှာ ဆေးစက်ကျရာ အရုပ်ထင်အောင် ကြိုးစား အောင်မြင်လာတော့ - ဒီဒေသတွေမှာ တွေ့ရရင်း ရတဲ့ ပုရိသ အများစုလိုပဲ “ရစ်ရွှေရည်” ကြိုက်တဲ့ ကောင်ကလေး ဖြစ်လာတာ ဘယ်ဆန်းမှာလဲလေ။

မာအေးဆီမှာ ဇွန်လ (၅)ရက် - ၂၀၀၈ ခုနှစ် နေ့စွဲနဲ့ BBC က တဆင့် ပို့လိုက်တဲ့ သူ့စာကလေး ရှိနေပါတယ်။ အရက်နဲ့ ပတ်သက်တဲ့ ကိစ္စလေးတခု တွေ့လို့ ဖတ်ပြလိုက်ဦးမယ် “ခုဆို ကျနော် အရက် ပြတ်နေပေမယ့် မယုံကြသေးဘူးဗျာ၊ အထူးသဖြင့် (၂ဝဝ၁) စက်တင်ဘာက ကျနော် အမေရိကမှာ မူးခဲ့တာကိုပဲ တံဆိပ်တုံး နှိပ်လိုက် ကြတာကိုပဲ ရေးထားသေးတယ်။ ဆက်တဲ့ အပိုဒ်က “လူဆိုတာ တနေရာထဲမှာ” “ရပ်” မနေသလို၊ အမြဲတမ်း လှေစုန်ရေစုန် စီးမနေပါဘူးဗျာ” တဲ့။ အော်…. ဒါကြောင့်များ “ဂုဏ်” သီချင်းကို စတိုင် ကျကျ သူ ဆိုခဲ့လေသလား - သတိရနေတယ်ရှင်။

ဂုဏ်- ဂုဏ်- ဂုဏ်၊ ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်၊ ငွေကိုသာ ရေလိုသုံးရင်၊ တပြည်လုံးမှာ လုပ်သမျှ တင့်တယ် (ယောက္ခမကြီက မျက်နှာချိုတယ် ကိုယ့်မယားက စေတနာပိုတယ်) ၂ ဟင်…….. သောက်မယ်ရမ်းမယ် လမ်းလည်မှာ ဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်။ လူမှာ ငွေ မရှိရင် - လင်ယူမိတာ နာတယ် ထင်တယ်x (သူတို့ကလေ - သူတို့က) ယောက္ခမ အိမ်တက် သားမက်မှာ မျက်နှာငယ် မျက်နှာငယ်၊ ဒါတွေကို ငါသိပြီကွယ်၊ အချစ်ဆိုတာ လောကမှာ နားမလည်၊ ငွေ…. ရအောင်ရှာမယ်၊ ငွေ ငွေ ရေလို သုံးမယ်၊ သောက်မယ် စားမယ် ပျော်မယ် ပါးမယ်၊ အချစ်ဆိုတာ ကစားပြမယ်၊ သမုဒယနယ် ဘယ်သူ့မှ မတွယ် သူ့ဘဝ တကယ် ပျက်ပြုန်းစေတော့ တသက်လုံးပဲ မိုက်ပြပါတော့မယ် xx (ဂုဏ်-)

ဒီသီချင်းလေးဟာ “သည်ဆောင်းဟေမာန်” ဆိုတဲ့ ရုပ်ရှင်ကားမှာ မင်းသားကျော်ဆွေ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်း သီချင်းလေးပါ။ အရက်ကြိုက်သော ယောက်ျားသားများ၊ ယောက္ခမနဲ့ မကြည်တဲ့ သူများ သာမက - သီချင်းကြိုက်တဲ့သူ အားလုံး ဆိုတိုင်း ပျော်ရတဲ့ အရသာကြောင့် ကျော်ကြားတဲ့ တေးတပုဒ်ပေါ့။ ခုခေတ်ထိ စင်ပေါ်မှာ ဆိုကြတုန်းပါ။ မောင်ဗလကြီး စင်ပေါ်မှာ ဆိုရင်လည်း ပွဲကျတာပေါ့ရှင်။ အခု သူ့စာထဲမှာ အမေရိကကို (၂ဝဝ၁) မှာ ရောက်တုန်းက မူးခဲ့သတဲ့။ သူက မာအေးကို အဆက်အသွယ် မလုပ်ခဲ့တော့ - ကိုယ့်လာမေးတဲ့ သူတွေကိုတောင် ပြန်ငြင်းမိသေးတယ်။ သူ့ကျန်းမာရေးနဲ့ အရက်နဲ့က သိပ် မကိုက်တာတော့ ကြာပါပြီ။ အစကတည်းက ပိန်ရှည်ရှည်လေးမို့ ပိန်ကျသွားတာကို သိပ်မသိသလို ဖြစ်နေတာပါ။ များများ “နှိပ်” လာတာ ဆိုတော့ ခွက်ကပ်နဲ့တောင် မူးလောက်နေမှာပေါ့လေ။

သူသောက်တာက ရန် မဖြစ်တတ်တဲ့ဟာမျိုးရှင့်။ ရယ်ရတယ်။ သူ မကျေနပ်တဲ့ “အကော်ဒီယံကြီး” ကို ညကျရင် (တုတ်)၊ မနက်ကျ ညကများသွားလို့ဗျာ” ဆိုပြီး အတည်ပေါက်ကြီးနဲ့ တဟီးဟီးလည်း လုပ်တတ်တဲ့ မောင်ကလေးမျိုးပါ။ မာအေးအနား ရှိနေတဲ့ CD ခွေမှာ သူဆိုတဲ့ “နဂါးနီ” သီချင်းလည်း ပါတယ်ရှင့်။ ဟို ၉၅ -၉၆ မှာ ဟောင်ကောင် အတူ သွားဆိုကြတုန်းက အဖြစ်ကလေး တွေးမိလာပြန်ပါတယ်ရှင်။

လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က အကြောင်းမို့ သီချင်းဆိုတဲ့ ခန်းမကိုလည်း မမှတ်မိတော့ပါဘူး။ အဲဒီအချိန်က တီးဝိုင်း မပါဘဲ သွားဆိုကြတာမို့ တီးလုံး အသံသွင်းယူသွားရတဲ့ အခါ ဖြစ်ပါတယ်။ ညီမလေး အေးဘုံကတော့ “သူဖြတ်ထားတယ် မမရေ - မတိုက်ကြပါစေနဲ့” လို့ မာအေးကို အပ်လိုက်ပါတယ်။ မာအေးကလည်း မိတ်ဆွေတွေကို ပြောထားပါတယ်။ ဒါပေမယ့် အသင်းတိုက်နဲ့ ကပ်လျက်မှာ ယမကာဆိုင် ရှိတာကို သတိ မထားမိတော့ - သူတိတ်တိတ် ကြိတ်ဝယ်ခဲ့တာကို ဘယ်သူမှ မသိလိုက်ဘူးပေါ့။ ပွဲသွားဖို့ နီးတော့ တံခါး ဖွင့်မပေးလို့ ဖျက်ဝင်ရှာရတယ် အခန်းထဲလည်း မရှိတော့ - လုံခြုံရေးနဲ့ လိုက်ရှာ ဘာညာတွေ ဖြစ်ကုန်တယ်။ တွေ့မယ့် တွေ့တော့ သူ့ကုတင်အောက် ခြောက်လက်မလောက် လွတ်တဲ့ အောက်ထဲမှာ မှောက်နေပြီ။ စိတ်တိုတာနဲ့ တချက်တော့ ပိတ်ထုပစ် လိုက်သေးတယ်။ ပွဲတက်မယ့် အဝတ်အစားတွေ ဖိနပ်တွေ မာအေးပဲ သယ်ခဲ့ရတာ ခန်းမမှာကျမှ လဲခိုင်း လုပ်ရတာပေါ့။ သူ့အလှည့်ကျတော့ ok သလိုပါပဲ။ နည်းနည်းမှ ရုပ် မပျက်ဘူးရှင့်။ သူ “နဂါးနီ” ဆိုမယ် တဲ့။ အာဝဇ္ဇန်းရွှင်ရွှင်နဲ့ ဆိုလိုက်တာ၊ ဆိုလိုက်တာ “နဂါးနီ” ကို အနုလုံ ပတိလုံ အစအဆုံး အဆုံးကနေ အစ သီချင်းကို မချနိုင်တော့ဘူး။ အားလုံးက ပေါက်နေပြီလို့ သိသွားတော့ ဝိုင်းပြီးတော့ သူနဲ့အတူ ဆိုပေးကြပါတယ်။ နောက် တီးလုံး ထပ်ဖွင့်ပြီး တခါဆိုနဲ့ဟာ “နဂါးနီ” ဟာ “နဂါးနီ မဟုတ်ဘဲ နဂါးလယ်” ဖြစ်သွားပါတယ်ရှင်။

(ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်၊ ရတနာ ခုနှစ်သွယ် တကယ်ပင် စုံညီ တို့အမျိုးသားတိုင်းပြည်) ၂ x မွဲတဲ့သူ လှူဒါန်းနိုင်မည်၊ ကျောင်းဆောက်ကာ ဘုရားပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏတို့ မ တဲ့ကိန်း ဆိုက်ပြီ xx (ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန် ကာဆီးမည် လူမွဲတွေက မနှေးခေတ်မီ သူဋ္ဌေးဖြစ်တော့မည်) ၂xx တို့နဂါးနီ သိဒ္ဓိတန်ခိုးနဲ့ ဆင်းရဲသားတို့ မညှိုးပြီ အကျိုးထူး ပေးတော့မည်၊ ခေတ်သစ် ထူထောင်မည် အေးချမ်း သာယာစည် နဂါးနီ တန်ခိုးနဲ့ အမျိုးဂုဏ် တက်စေမည် xx (နဂါးနီ - သုမောင်)

(မူရင်း - ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)

Sunday, May 30, 2010

Last week of May 2010 - FFSS Yangon Activity

မေလ ပဉ္စမပတ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများ
 (ကို) ကျော်သူ ဝေမျှမှု၊ မိုးမခက ပြန်လည်တင်ဆက်သည်
မေ ၃၁၊ ၂၀၁၀
 ပြည်မြို့ အလှူဒါန (၂၅.၅.၂၀၁၀)
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ ရေအလှူရှင်တို့ ပံ့ပိုးမှုတို့ကြောင့် ၂၅.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် ပြည်မြို့၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရေဘေးဒုက္ခရောက်နေသော ရွာများသို့ သွားရောက်ပြီး အ၀ီစိတွင်းများ တူးဖော်ပေးရန်အတွက် နယ်ခံ ပြည်သူလူထုနှင့် ရွာခံ ဆရာတော်၊ သံဃာတော်များနှင့် သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။
      ထိုသို့ ပြုလုပ်ရာတွင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပတောင်းမြို့နယ် (တဖက်ကမ်း)၊ ပုတီးကုန်းအနီး ကျူတောရွာ၊ မန်ကျည်းပင်စုရွာများနှင့် ပြည်မြို့၊ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း ရေလုံလောက်မှု မရှိသည့်အတွက် အ၀ီစိတွင်း တူးဖော်ရန်အတွက် ပြောဆိုခဲ့ပါသည်။ ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျောက်ပန်းတောင်း မိတ္ထီလာမြို့ အသွားလမ်းပေါ်ရှိ ရေဒုက္ခသည် ရွာသို့ ရေသွယ်တန်းရန် ရေပိုက် ပေအရှည် (၂၄၀၀) အတွက် အလှူငွေ (၇၂၀၀၀၀/-) သိန်းအား လှူဒါန်းခဲ့ပါသည်။
      ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရွှေပေါက်ပင်ဆရာတော်မှ ဦးစီးကာ အများပြည်သူ ကိုးကွယ်ပူဇော်ရန် တည်ထားမည့် စေတီတော်တွင် ဌပနာထားရှိရန် ဗုဒ္ဓရုပ်ပွားတော် (၃) ဆူအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဦးသန်းစိန်တို့မှ မိမိတို့ နေအိမ်တွင် ကိုးကွယ် ပူဇော်ထားသော ဗုဒ္ဓရုပ်ပွားတော်များအား ပင့်ဆောင်ကာ လှူဒါန်းဒါန ပြုခဲ့ကြပါသည်။


ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကန်ကျေးရွာ ရေဒါန
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂၂.၅.၂၀၁၀ (စနေနေ့)တွင်လည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းရှိ ရှမ်းကန်ကျေးရွာသို့ ပဲခူးမြို့ မြို့ခံလူမှုရေးသမားများနှင့် ပူးပေါင်းကာ ရေလှူဒါန်းမှုများကို စဉ်ဆက်မပြတ် လှူဒါန်းမှု ရှိပါကြောင်း . . . . ။
ဒလမြို့နယ်တွင် အ၀ီစိတွင်းတူးပြီ
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ရေတိုလုပ်ငန်းဖြစ်သော ရေပေးဝေမှုများကို လှူဒါန်းခဲ့ကြ သလို ရေရှည်လုပ်ငန်းဖြစ်သော အ၀ီစိရေတွင်း တူးဖော်ခြင်း၊ အုတ်ရေကန် တည်ဆောက်ပေးခြင်း တို့ကို ၂၄.၅.၂၀၁၀ (တနင်္လာနေ့)တွင် ဒလမြို့နယ်ရှိ ဗညားဒလရပ်ကွက်၊ မစိုးရိမ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း စတင်ကာ တူးဖော်လျှက်ရှိပါသည်။

ပညာဒါန ထောက်ပံ့ခြင်း
      နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား၊ သမီးများ ယခုနှစ် ၂၀၁၀ - ၂၀၁၁ ခုနှစ် ပညာသင်စရိတ် ထောက်ပံ့လှူဒါန်းခြင်း (၅) ကြိမ်မြောက် အခမ်းအနားကို ၂၂.၅.၂၀၁၀ (စနေ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပခဲ့ပါသည်။
      ယင်းအခမ်းအနားတွင် မူလတန်းကျောင်းသား/သူ (၁၂) ဦးအတွက် ပညာသင်စရိတ် (၅၀၀၀/-) ကျပ်စီ လှူဒါန်းခဲ့ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/သား (၂၃) ဦးအတွက် (၈၀၀၀/-) ကျပ် စုစုပေါင်း (၂၄၄၀၀၀/-) ကျပ်ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။
      ထိုနည်းတူစွာ (သာသန-ပရ ထိုနှစ်ဝကို မျှတစွမ်းဆောင် တို့မယ်-မောင်) ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသော မေတ္တာတံခွန်အသင်းမှလည်း ပညာဒါန ထောက်ပံ့ခြင်း အခမ်းအနားကို ၃၀.၅.၂၀၁၀ (တနင်္ဂနွေ)နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၂) ၀ိုင်း၊ အောင်စန္ဒာသိဒ္ဓိကျောင်းတိုက် တွင် ကျင်းပခဲ့ပါသည်။
      ထိုအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀န်ထမ်းများ၏ သား/သမီး (၃၅) ဦး၊ ရက်ကွက်တွင်းရှိ ပညာသင်ကြားနေသော ကျောင်းသား/သူ (၃၅) ဦး၊ အနာကြီးရောဂါသည် မိသားစုဝင် ကျောင်းသူ/သားများ (၃၁) ဦးတို့ကိုလည်း ပညာသင်စရိတ်များ လှူဒါန်းခဲ့ပါသည်။ ယင်းသို့ လှူဒါန်းရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်း သား၊သမီး ကျောင်းသား/သူများ အတွက် တစ်ဦးလျှင် (၅၀၀၀/-) ကျပ်ဖြင့် စုစုပေါင်း (၁၇၅၀၀၀/-) ကျပ်ကို မေတ္တာတံခွန်အသင်းမှ လှူဒါန်းခဲ့ပါကြောင်း သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် တင်ပြအပ်ပါသည်။

အမှန်တရားကို ရှာဖွေတွေ့ရှိခြင်း
      ပန်းချီပညာရပ်သည် မျိုးဆက်သစ်ကလေးငယ်များအတွက် အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပေသည်။ ပန်းချီပညာရပ်သည် လူတစ်ဦး၏ စိတ်နေစိတ်ထားကို ယဉ်ကျေးသိမ်မွေ့စေတယ်။ ပန်းချီပညာရပ်သည် အခြားသော ဆေးပညာ၊ စက်မှုပညာ … စသဖြင့် ပညာရပ်များစွာ တို့တွင်လည်း အခြေခံ အုတ်မြစ်ဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ် တိုင်းပြည်တပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ် တစ်ခုပင်ဖြစ်တော့သည်။
      ထိုကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုကိစ္စ၊ ဒုက္ခသည် (နာဂစ်၊ မီးဘေး၊ ရေဘေး)များအား ဖေးမကူညီ ပံ့ပိုးပေးခြင်းကိစ္စ၊ မျိုးဆက်သစ် လူငယ်လေးများအား အင်္ဂလိပ်စာ တက်ကျွမ်းမှု၊ ကျွမ်းကျင်မှုအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်းနှင့် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စသဖြင့် ဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ပြီး သုခအလင်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးထားသည့်အပြင် မျိုးဆက်သစ် လူငယ်/လူရွယ်လေးများ အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကိုလည်း ဖွင့်လှစ်ထားပါသည်။ ယခုဆိုလျှင် တိုင်းပြည်တပြည် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ်များအတွက် အခြေခံအုတ်မြစ်ဖြစ်သော အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ 
      ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေး၊ လူငယ်/ လူရွယ်လေးတို့အား ပန်းချီရေးဆွဲခြင်း ပညာရပ်ကို အခြေခံမှ အဆင့်ဆင့် ရေဆေးပန်းချီ၊ Outdoor ထွက်မြောက် ရေးဆွဲနိုင်သည်အထိ မျိုးဆက်သစ်ကလေးများ သင်ယူ/ရေးဆွဲနိုင်စွမ်း အတိုင်းအတာ အထိ တတ်မြောက်အောင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ ဦးဝင်းမိုးသန့်၊ ဒေါ်ဧရာ မောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများမှ ၀ိုင်းဝန်း ပံ့ပိုးကူညီ ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။
      ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။
      ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။
      ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။
      ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။

30th May 2010 - MoeMaKa Radio

မေလ ၃၀၊ ၂၀၁၀ - မိုးမခရေဒီယို
ကျန်းမာကြပါစေ - သုမောင် (ထင်ပေါ်ကျော်ကြား ကွယ်လွန်သူများ အမှတ်တရ)
သတင်းတိုထွာ၊ သီချင်းပဒေသာ
တိုင်းမဂ္ဂဇင်း အထူးထုတ် ဟီးရိုး၁၀၀ မှ နေဘုန်းလတ် (မောင်စွမ်းရည်၊ မိုးမခ)
မင်္ဂလာဈေးရဲ့ မငြိမ်းနိုင်တဲ့ သောကမီး - မိုးယံ (ဧရာဝတီ)
ငိုရသော ကာတွန်းများ - မောင်ရစ်၊ မိုးမခ
ဆစ်ဒနီတလွှား သတင်းစကား
စောဝေရဲ့ ထောင်ထွက်နှုတ်ခွန်းဆက် ကဗျာသစ် (ဘားမားတူဒေး)
ထက်ထက်မိုးဦးသတင်းစုံ - မိုးမခအီးမေး
မင်္ဂလာဦးည ပါပါလေးဟာသ - ဒီဗီဘီ
မီးနဲ့ရေနဲ့ နောက်ဆုံးသတင်းများ
စိတ်ရောဂါနဲ့ တေးသံသာ - မောင်လူအေး၊ ဆစ်ဒနီ (ပြည်ပဆရာဝန်များ မေလထုတ် မဂ္ဂဇင်း)
စီစဉ်တင်ဆက်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ နန်းဖောဆေးဝါး

Than Soe Hlaing - Electricity Outage - a cause of fire outbreak in Mingalar Zay

မမှန်သော လျှပ်စစ်မီးကြောင့် လောင်ရသောမီး
သန်းစိုးလှိုင်
မေ ၃၁၊ ၂၀၁၀
မေလ ၂၄ရက် တနင်္လာနေ့၏ နံနက်ခင်း၊ နေရောင်သာသာယာယာ ရှိသော်လည်း ကောင်းကင်သို့ မင်္ဂလာဈေးအဆောက်အဦ အပေါ်ဆုံးထပ်မှ မီးခိုးများက အူပြီးတက်လျက်ရှိသည်။ အချိန်ကား ၉နာရီကျော်ရုံရှိသေးသည်။ လူအုပ်ကြီးမှာ မင်္ဂလာဈေးရှေ့ ဗညားဒလလမ်းမပေါ်မှာသာမက ဈေးရှေ့မှ လမ်းသွယ်တွေထဲမှာပါ စုဝေးပြီး ဈေးမီးလောင်နေသည်ကို စောင့်ကြည့် နေကြသည်။
လမ်းဘေး ကွမ်းယာဆိုင်ကလည်း ဆိုင်ကိုဝိုင်းပြီး ရပ်နေသည့် လူအုပ်အကြားမှာ ကွမ်းယာရောင်းရင်း မီးအခြေအနေကို စိတ်ဝင်တစားကြည့်နေသည်။ ကွမ်းယာရောင်းသူကို မီးဘယ်တုန်းကစလောင်လဲ လို့မေးလိုက်တော့
“၈နာရီကျော်ကျော်က အခုလောင်တာ ၁နာရီမပြည့်သေးဘူး။ အခုပုံဆို မီးကို နိုင်ပါ့တော့မလား၊ အစောပိုင်းကတော့ ဈေးစည်ပင်ကတာဝန်ရှိသူတွေက စိတ်မပူနဲ့ပြောခဲ့တာ။ အခုတော့ မီးရှိန်ကတက်လာနေပြီ။”
ရေကားကလည်း တောက်လောင်နေတဲ့ မီးရှိန်နဲ့စာလိုက်ရင်   ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတဲ့ အသွင်ပါ။
ရပ်ကြည့်နေသူ တဦးက မီးသတ်တွေကိုရည်ညွှန်းပြီး
“ဒီလူတွေကို လာကြည့်ရင် အကုသိုလ်ဖြစ်တယ်။ သူတို့ပက်နေပုံနဲ့ ဒီမီးကိုဘယ်လိုမှ နိုင်မယ့် ပုံမပေါ်ဘူး”
ဟုပြောသည်။
ဈေးရဲ့ မျက်နှာစာနှစ်ဘက်စလုံး ပြူတင်းပေါက်များမှ  ထွက်လာနေသည့် မဲမှောင်သည့် မီးခိုးလုံးကြီးများကို လှေခါးပေါ်မှ ၁လက်မခွဲ နှစ်လက်မသာသာ မီးသတ်ပိုက်ဖြင့် လှမ်းပက်နေသော်လည်း ရေမှာ အတွင်းဘက်ဆီသို့ ရောက်ဟန်မတူသည့် အတွက် ရပ်ကြည့်သူအများက အားမရဖြစ်နေကြခြင်း ဖြစ်သည်။
မြန်မာ့ရုပ်သံထဲမှာတော့ မီးသတ်က မီးကို နိုင်တယ်
တိုက်ဆိုင်မှုလား သို့မဟုတ် လောက၏ သရော်ချက် တခုလားတော့မသိ။ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့၏ စွမ်းရည်ပြပွဲ မီးသတ် လေ့ကျင့်သည့် ပြကွက်များကို အဆိုပါ မင်္ဂလာဈေးတွင် သရုပ်ပြ ရိုက်ကူးခဲ့ကြခြင်းပင် ဖြစ်သည်။ မြန်မာ့ရုပ်သံမှ ပြသဖူးသည့် ပြကွက်များကို ကြည့်ဖူးသူ ပရိသတ်က
“သရုပ်ပြတုန်းကတော့ ခေါင်မိုးပေါ်က ဇောက်ထိုးကျလာတာတွေရော၊ အောက်ကနေ ကြိုးနဲ့တက်တာတွေရော စုံလို့။ အခုတကယ်တမ်းဖြစ်တော့ မီးလောင်နေတာ ငြိမ်းတောင် မငြိမ်းနိုင်ပဲ ဖြစ်ကုန်တာ”
ဟု ဝေဘန်သည်။
မှန်လည်းမှန်ပါသည်။ မီးသတ်တပ်ဖွဲ့၏ စွမ်းရည်ပြကွက်များတွင် မီးသတ်ကားထဲမှာ ရေအပြည့်မပါသည့် အဖြစ်နှင့် တစ်စီးကို ၃မိနစ်သာ ရေဖြန်းနိုင်အားရှိသည့် အခြေအနေများ မပါဝင်ခဲ့ပါ။
မီးသတ်အင်အား
ရန်ကုန်မြို့ရဲ့ မီးသတ်ကားများမှာ ဟောင်းအိုနေသည့်ကားက အများစုဖြစ်သည်။ ဆူးလေ ဘုရားလမ်းရှိ ဗဟိုမီးသတ်တွင်မှ မီးသတ်ကား ၄၊ ၅စီးနှင့် အခြားမြို့နယ်များတွင် တမြို့နယ် မီးသတ်ကား ၂စီးစီသာ ရှိကြသည်။ ထို့ပြင် အချို့သော မီးသတ်ကားများမှာ ဟောင်းအိုနေပြီး ရေတိုင်ကီကလည်း ဂါလံ ၁၆၀၀ ၀န်းကျင်သာသာ ဆန့်သည့်ကားများ ဖြစ်နေကြသည်။
ယခုခေတ်တွင် ဂါလံ ၂၈၀၀ ဆန့်သည့် တိုင်ကီပါ ထရပ်ကားများ ပုဂ္ဂလိက လုပ်ငန်းရှင် အများအပြား  သုံးစွဲနေသည့်ကာလတွင် မီးသတ်ကားများမှာ ယခင်ခေတ်ကလို ၃တန်ကားသေးများက အများစုဖြစ်နေသည်။ မေလ ၂၄ရက်နေ့က လောင်ကျွမ်းသည့် မင်္ဂလာဈေးမီးလောင်မှုကို ရန်ကုန်နှင့် အနီးအနားမှ မီးသတ်ကား စုစုပေါင်း အစီး ၆၀၊ ၇၀ ကျော်လာသည့်အနက် လှေခါးပါ မီးသတ်ကားက ၁၀ စီးပင်မပြည့်တတ်ပေ။
လှေခါးပါ ရေပက်သည့် မီးသတ်ကား တစ်စီးကို ရေသယ်လာသည့် မီးသတ်ကား ၃/ ၄စီးက ၀ိုင်းပြီးရေဖြည့်ပေး ကြရသည်။ မီးသတ်ကား အစီးရေ ၆၀၊ ၇၀ လာပေမယ့်လည်း အားလုံးမှာ အမြင့်တွင်လောင်နေသည့်မီးကို ငြိမ်းသတ်နိုင်သည့် မီးသတ်ကားများ မဟုတ်ကြပါ။
မီးလောင်ပြီး ၂နာရီကျော်အကြာ မင်္ဂလာဈေးမီးပွိုင့် လမ်းဆုံသို့ မီးသတ်ကား စည်ပင်ရေသယ်ကားများ ၀င်ရောက်လာသည့် အခါ မီးလောင်တာကို စောင့်ကြည့်နေသည့် လူအုပ်ကြီးက ဟေး ဟု အော်ကြသည်။ မောင်းဝင်လာသည့် ရေသယ်သည့်ကားက သေးသေးကွေးကွေး အဖြစ်ကို လှောင်သည့် သဘောဖြင့် အော်ခြင်းလား၊ ရေကားလာသဖြင့် အားပေးခြင်းလားဆိုသည်ကို သဲကွဲစွာ မသိနိုင်ပေ။
ဖြစ်ဖြစ်ချင်း မငြိမ်းသတ်နိုင်သည့် အကြောင်းရင်း
မြန်မာနိုင်ငံမှာ ဈေးတွေ ခဏခဏ မီးလောင်ကြသည်။ လောင်လျင်လည်း များသောအားဖြင့် တဈေးလုံးကုန်အောင် လောင်ကျွမ်းကြရသည်။ ဘာကြောင့် အခုလိုလောင်ကြရသလဲ ဟုဆိုလျင် လျှပ်စစ်မီး ၀ါယာရှော့ခ်ဖြစ်တာကြောင့်က ၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိသည်။
ဝါယာရှော့ဖြစ်ရခြင်းတွင်လည်း လျှပ်စစ်မီး မှန်မှန်မလာခြင်းက ၇၀ ရာခိုင်နှုန်းဝန်းကျင် ထပ်မံရှိနေပြန်သည်။ နယ်များတွင်သာမက ရန်ကုန်မြို့ပါ လျှပ်စစ်မီးဆိုသည်မှာ လာလိုက် ပျက်လိုက် ဖြစ်သည့်အရာဟု လူတွေက နားလည်နေကြသည်။ တသမတ်တည်း မပျက်ပဲ လာသည်ကို တနှစ်မှာ တစ်လ နှစ်လသာ ကြုံတွေ့ဘူးသဖြင့် လျှပ်စစ်မီးဟု ဆိုလျင် ပျက်ရမည်ဟု နားလည်နေကြသည်။
သို့သော် ချက်နေရင်း၊ လုပ်နေရင်း လျှပ်စစ်မီး ပျက်သွားခဲ့သည့် အဖြစ်ကြောင့် ခလုပ်ပိတ်ဖို့ မေ့နေပြီး မီးပြန်လာသည့် အချိန်မှာ အပူရှိန်လွန်ပြီးလောင်ကျွမ်းရသည့် အဖြစ်ကလည်းမနည်း။ ယခု မင်္ဂလာဈေးမီးလောင်ရသည့် အဖြစ်မှာ ထိုအဖြစ်များအနက် တစ်ခုဖြစ်သည်။
သင်္ဃန်းကျွန်းဈေးကြီး မီးလောင်စဉ်ကလည်း လျှပ်စစ်မီး ၀ါယာရှော့ဖြစ်ခြင်း ကြောင့်ဖြစ်သည်။ သို့သော် အချို့သော ဈေးအနီးတ၀ိုက်နေထိုင်သူများက မီးစတင်လောင်စဉ် သင်္ဃန်းကျွန်းဈေး တ၀ိုက်တွင် လျှပ်စစ်မီး မလာဟုလည်း ပြောကြသည်။ ထိုအချက်ကြောင့် သင်္ဃန်းကျွန်းဈေးမီးကို ရှို့မီးလားဟု သံသယရှိမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုမင်္ဂလာဈေးမီးကတော့ ဒိုးရု (Doaru) အလှကုန်ကုမ္ပဏီပိုင် ဆိုင်ခန်းမှ စတင်လောင်ကျွမ်းသည်ဟု မင်္ဂလာဈေးမှ ဈေးရောင်းသူများက ပြောကြသည်။ အစိုးရသတင်းစာ ဖေါ်ပြချက်အရပင် လျှပ်စစ်မီးဖိုဖြင့် ရေနွေးအိုးတည်ထားရာမှ မီးပျက်သွားပြီး နောက်တနေ့ နံနက်မီးပြန်လာသည့် အချိန်တွင် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
ယခု အဖြစ်အပျက်တွင် မည်သည့် ဆိုင်ခန်းမှ စတင်လောင်ကျွမ်းသည်ကိုလည်း ဈေးသူဈေးသားများ အနေက သိပြီးဖြစ်ကြသည်။ ဖြစ်ဖြစ်ချင်း အဘယ်ကြောင့် ထိုမီးကို မငြိမ်းသတ်နိုင်သလဲ ဆိုသည့် အချက်ကမေးစရာ မေးခွန်းဖြစ်နေသည်။
မြန်မာနိုင်ငံမှ ဈေးများ ရုံးများမှာ မီးသတ်ပိုက်နှင့် ရေအဆင်သင့်ယူနိုင်အောင်၊ အထပ်တိုင်း အထပ်တိုင်းတွင် မီးသတ်ပိုက်များထားပြီး မီးလောင်သည်နှင့် ငြိမ်းသတ်နိုင်အောင် စီစဉ်ထားသည့် စနစ် ယခုတိုင် မရှိသေးပါ။ မီးလောင်လျင် ချက်ခြင်း ငြိမ်းသတ်မည့် မီးသတ်ဗူးများလည်း နေရာတိုင်းတွင် ဆောင်ထားလေ့မရှိသေးပေ။ တက္ကစီများ၊ ဘတ်စ်ကားများတွင်  ပါရှိရမည်ဟု ဆိုသော်လည်း လက်တွေ့တွင် တခါမျှ အသုံးပြုသည်ကို မတွေ့ခဲ့ရဘူးပေ။
ထိုနေ့က မင်္ဂလာဈေး မီးစတင်လောင်သည့် အဖြစ်မှာ လျှပ်စစ်မီးကြောင့်ဖြစ်ရာ ဈေး၏ လျှပ်စစ်မီးပိတ်ချဖို့ မီးခလုပ်ပိတ်ရန် တာဝန်ကျသူကို သွားရှာရာ မရှိသဖြင့် လျှပ်စစ်မီးလိုင်းကို ချက်ခြင်း မပိတ်နိုင်ခဲ့ပေ။ ထိုအချက်သည်လည်း မီးလောင်ကျွမ်းမှု ကြီးမားလာဖို့ ပံ့ပိုးပေးလိုက်သည့် အချက်တချက် ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံမှ ဈေးများကံကြမ္မာမှာ မီးလောင်ကျွမ်း ဆိုင်ခန်းအားလုံးမကုန်မီ ငြိမ်းသတ်နိုင်ဖို့ အခွင့်အလမ်းနည်းပါးသည့် အဖြစ်ပင်။ လတ်တလော ဖြစ်ပျက်ခဲ့သည့် သင်္ဃန်းကျွန်းဈေးမီး၊ ၂၀၀၈ ခုနှစ်ကုန်ကလောင်ကျွမ်းခဲ့သည့် မော်လမြိုင် မြို့မဈေးမီးတို့ကိုကြည့်လျင် ဘာမဟုတ်သည့် အသေးအဖွဲမှ တဈေးလုံးကုန်အောင် လောင်ကျွမ်းခဲ့ရသည်ချည်း ဖြစ်သည်။
ထိခိုက်မှု အတိုင်းအတာ
ယခုမီးလောင်ကျွမ်းမှုတွင် ကံအားလျော်စွာ အသက်ဆုံးရှုံးမှု မရှိခဲ့သော်လည်း စီးပွားရေးအရ ဆုံးရှုံးမှု အကျိုးသက်ရောက်မှုက ကြီးမားလှသည်။ အလှကုန်၊ စာရေးကိရိယာ၊ မုန့်၊ အထည်အလိပ် နှင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် တိုလီမိုလီ ပစ္စည်းများအား မြန်မာပြည် တပြည်လုံး လက်လီ လက်ကား ရောင်းဝယ်ရေး ကွန်ရက်ဖြစ်သည့် မင်္ဂလာဈေးအား ကြီးမားသည့် ထိုးနှက်မှုကြီးဖြစ်သည်။ ဆေး၊ အထည်အလိပ်၊ အလှကုန် တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် မင်္ဂလာဈေးကို ဂိုဒေါင်အဖြစ် အသုံးမချသော်လည်း စတိုးဆိုင်များ နယ်မြို့များမှ အရောင်းဆိုင်များ အနေဖြင့် မင်္ဂလာဈေးနှင့် ဆက်သွယ်လုပ်ကိုင်ကာ လုပ်ကိုင်နေကြသည် ဖြစ်သည့် အတွက် အဆိုပါ ကွန်ရက်ကို ထိခိုက်စေမည်မှာ အသေအချာပင်ဖြစ်သည်။
သက်ဆိုင်ရာ မြို့တော်စည်ပင်နှင့် ရန်ကုန်တိုင်း အေးချမ်းသာယာရေး ကောင်စီတို့က ဈေးကွက်အား အကျိုးသက်ရောက်မှုနည်းအောင် ယာယီ ဈေးနေရာကို  မြန်မြန်ဆန်ဆန်စီစဉ် ပေးခဲ့လျင်တော့ ထိခိုက်မှု သက်သာမည်ဖြစ်သည်။ သို့မဟုတ်ပဲ ဆိုင်များအနေဖြင့် တဦးချင်းစီ နေရာရှာဖွေပြီး ဟိုတကွဲ သည်တကွဲ ဖြစ်လျင်တော့ ဈေးဝယ်သူများ အနေဖြင့်လည်း ထိခိုက်နစ်နာမည် အနေအထားဖြစ်သည်။
ယခုလောလောဆယ်ပင် မင်္ဂလာဈေးနှင့် နီးသည့် မင်္ဂလာတောင်ညွန့်နှင့် တာမွေမြို့နယ်များ၏ တိုက်ခန်းတန်ဖိုးနှင့်  ငှားခတွေ သိသာစွာ တိုးမြင့်လာနေပြီဖြစ်သည်။

Cartoon Beruma - Fire outbrak in Burma unstoppable


ကာတွန်း ဘီရုမာ - မီးဘေးရှောင် မလောင်ခင်တား၊ လောင်မိရင် ဘေး - ကုန်မှ ငြိမ်း
မေ ၃၁၊ ၂၀၁၀

Water Charity Drive for Burma - SF Bay Burmese

မေတ္တာမိုးကောင်းကင် - ရေအလှူရှင်များရဲ့ အကြင်နာရောင်စဉ် ဈေးရောင်းပွဲတော် ဖိတ်စာ
မိုးမခရွာဆော်ကြီး (အရှင်ဦးဉာဏိက ထံမှတဆင့် ကူးယူဖော်ပြသည်)
မေ ၃၁၊ ၂၀၁၀
ထမင်းအသက် (၇) ရက် ၊ ရေအသက် တစ်မနက်ရယ်လို့ မြန်မာ့ဆိုရိုးစကားရှိပါတယ်။ ဘဝရှင်သန်ရေး အတွက် သောက်ရေတစ်ခွက်ဟာ ဘယ်လောက်အရေးပါကြောင်း ညွှန်းဆိုတဲ့ စကားတစ်ခွန်းပါ။ သောက် စရာ ရေပြတ်လပ်နေတဲ့ မွေးရပ်မြေရှိ ညီနောင်သွေးချင်းတို့အတွက် ကျနော်/ကျမတို့ရဲ့ စာနာမှုနဲ့အတူ အကြင်နာမေတ္တာ မိုးရေစက်တို့ကို သွန်းလောင်းဖြန့်ဝေပေးခြင်းဖြင့် အသက်ဆက် ရှင်သန်ပေးကြပါစို့လား။ ရေအလှူဆိုတာ အာယုဒါန-အသက်အလှူတစ်ခုပါ။
ရရှိသော အလှူငွေများကို ရေအလှူ ပြုလုပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ပေးပို့လှူဒါန်းပါ မည်။
 Schedule:
Date:               Sunday, June 6, 2010Time: 10:00 am -3:30pm
Location:         Newark Pavilion, 6430 Thornton Avenue, Newark, CA 94560

 အစားအသောက် အလှူရှင်များ
ဦးကြည်တိုး ဒေါ်သန်းငြိမ်း ညီမဒေါ်နီ မိသားစု   မုန့်ဟင်းခါး
ဦးရစ်ချတ် ဒေါ်ဘေဘီမိသားစု          ပုဇွန်ခွက်ကြော်
ဒေါ်ညို                           ဝက်သားဒုတ်ထိုး ကြာဇံကြော်
ကိုအောင်မင်း မစန္ဒာ                     ခေါက်ဆွဲသုတ်
ကိုချိုဦး မစုစုသိန်း                        ဗမာထမင်းကြော်
ကိုစိန်                                      လဘက်ရည် စမူဆာ
ဦးဌေးကျော်                               ရွှေရင်အေး
ကိုအောင်အောင်မိသားစု မုန့်လက်ဆောင်း ယိုးဒယားအချိုပွဲ
BADA                                     ရခိုင်မုန့်တီ
BAWA                                    ရှမ်းတို့ဟူးသုတ်
ဒေါက်တာမောင်မောင်သော် မနီနီ      ဖာလူဒါ
ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ (ဆန်ဖရန်စစ္စကို)  - သဘောင်္သီးသုတ်၊ ကြာဇံဟင်းခါး
မပပကျင်                                 ကြက်သားလိပ်
မဟန်စုယဉ်                              ဗမာအကြော်စုံ
ကိုကျော်သူရ မချိုချိုလင်း               မြန်မာထမင်းဟင်း
FMYG                                    သောက်ရေသန့် ဆိုဒါ
ကိုယုန်လေး မသစ်သစ်                 ကောက်ညှင်းထုပ်
ဦးကျော်ရှိန် ဒေါ်ကြင်ကြင်စိန် မိသားစု ယူနန်မြီးရှည်
မအိပ                               စမူဆာသုတ် နှင့်                                                   ဗယာကြော်
အထက်ပါ အစားအစာများအပြင် အခြားအလှူရှင်များလည်း ရှိပါသေးသည်။ ဖိတ်စာအမြန် ထုတ်ရပါသဖြင့် ဤစာရင်း တွင် မပါဝင်နိုင်ပါ။ 
ဆက်သွယ်ရန်:  ကိုစိန်            510 579 8506,  ကိုမျိုးလွင်        510 857 7852,  ကိုကျော်သူရ    415 420 1504

Maung Thara - Oil Spill in US

ကမ်းလွန်ရေနံ ပြဿနာ
မောင်သာရ
မေ ၃၀၊ ၂၀၁၀
သိတယ်နော် …၊ လွန်ခဲ့တဲ့လ ၂၀ ရက်နေ့ကတည်းက America ရဲ့ ကမ်းလွန်ရေနံတွင်းတတွင်းတူးရာက ပေါက်ကွဲမီးလောင်ပြီး နေ့စဉ် ရေနံစိမ်းဂါလံပေါင်း နှစ်သိန်းလေးသောင်း (အခုနောက်ဆုံး ခန့်မှန်းချက်က ငါးးသိန်း တသောင်း) ပင်လယ်ထဲ ယိုဖိတ်ပြန့်နှံ့ မျောပါနေတယ်ဆိုတဲ့ သတင်းလေ။
ရေနံစိမ်းတွေက ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ချောကလက်ပျော့ကြီးလို လေးလက္မထုလောက်ရှိနေပြီး လေနဲ့လှိုင်းနဲ့ ရေစီးကြောင်းနဲ့အတူ အမေရိကားရဲ့ ကမ်းရိုးတန်းပြည်နယ် သုံးပြည်နယ်ရဲ့ ကမ်းခြေနေ ပြည်သူတွေနဲ့ ရေလုပ်ငန်းတွေကို ဒုက္ခပေးတော့မယ်။ ပေးစလည်း ပြုနေပြီတဲ့။ ပင်လယ်ငါးပုဇွန်ဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြရတဲ့ ရေလုပ်သားပေါင်း လေးသန်းကျော်ရဲ့ စားဝတ်နေရေးဘဝတွေလည်း ထိခိုက်တော့မယ် တဲ့။
အခုပဲ ဆိုင်ရာက လူဝီးဆီးယားနား ပြည်နယ်၊ New Orleans မြို့တောင်ဘက် Grand Isle ကျွန်း ပတ်လည်ရေပြင် စတုရန်းမိုင်ပေါင်း ၄ သောင်း ၆ ထောင်မှာ ရေလုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်လိုက်ပြီ။ သည်လုပ်ကွက်အကျယ်အဝန်းဟာ ငါးလုပ်ငန်းနယ်ပယ်ရဲ့ ၁၉% ရှိသတဲ့။ တာဝန်ရှိတဲ့ BP ရေနံကုမ္ပဏီနဲ့ အမေရိကန် ကမ်းခြေစောင့် တပ်တွေ၊ ရေတပ် အင်ဂျင်နီယာတပ်တွေကလည်း မျောပါချည်းကပ်လာနေတဲ့ ရေနံစိမ်းထုတွေ ကမ်းခြေပေါ် ရောက်မလာရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားကာကွယ်ခဲ့ကြ၊ ကြိုးစားကာကွယ်နေကြဆဲပါပဲ။
ဒါပေမယ့် ပင်လယ်ရေပြင်ဆိုတာ သင်ဖြူးခင်းထားသလို ငြိမ်နေတာမဟုတ်ဘူးလေ၊ ဒါတောင် ကံကောင်းထောက်မပြီး hurricane မုန်တိုင်းရာသီနဲ့ မကြုံကြိုက်ပေလို့။ (မုန်တိုင်းရာသီက အခု ဇွန်လ ၁၅ ရက်နေ့က နိုဝင်ဘာလ ၁၅ ရက်နေ့အထိ။ ဒီနှစ် အတ္တလန်တိတ်ဟာရီကိန်းမုန်တိုင်းပေါင်း ၁၄ ခု တိုက်ခတ်မယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းကြေညာပြီ။) ဘာပဲပြောပြော ပြဿနာက အဓိက အရင်းခံဖြစ်တဲ့ တနေ့ ရေနံစိမ်း ဂါလံပေါင်း ၅ သိန်းကျော် ယိုထွက်နေတဲ့ ပိုက်ပေါက်တွေကို ခုထက်ထိ မပိတ်ဆို့နိုင်ကြသေးတာပဲ။ ခက်နေတာက ရေနံတွင်းဝရှိရာမြေပြင်က ပင်လယ်ရေမျက်နှာပြင်အောက် တမိုင်နဲ့ ၂ ဖာလုံမှာ။
အဲသည်ကနေ ရေနံတူးစင်ကြီးဆောက်ပြီး ရေပြင်ပေါ်ကနေ ပိုက်တွေဆက်ယူ တူးနေတာ။ တူးစင် Rigs ဆောက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ဆွစ်ဇာလန်နိုင်ငံက Transocean ကုမ္မဏီကို BP (British Petroleum (America)) ရေနံကုမ္ပဏီက တာဝန်ပေးဆောက်ခိုင်းထားတာ။ ဆိုတော့ တွင်းဝကနေ ရေပြင်ပေါ်အထိ တက်လာရတဲ့ တွင်းတူးပိုက်လုံး ဝန်ရိုးကြီးကိုက တမိုင်ကျော်ရှည်ပြီပေါ့။ ခက်တာက တန်ချိန်ပေါင်း ခန့်မှန်းခြေ ၁,၈၀၀ ကျော်လေးလံတဲ့ သည်ဧရာမ သံထည်တူးစင်ကြီးကလည်း ပေါက်ကွဲမီးလောင်ပြီး နောက်တနေ့မှာပဲ ရေထဲကို ကျိုး ခေါက် ပြို ကျသွားခဲ့တယ်လေ။ ဆိုတော့ ရေအောက်ကနေ တူးစင်ပေါ်အထိ တက်လာရတဲ့ ရေနံတူးရေနံစိမ်းပိုက်ကြီးကလည်း သူ့အပေါ် တူးစင်ကြီးပါ ပြိုလဲပိကျလာတော့ ခေါက် ကျိုး ပေါက် ပြဲကုန်ပြီပေါ့။ အဲဒီ ပိုက်ပေါက်ကနေ ရေနံစိမ်းတွေ ယိုထွက်လာနေတာပဲ။ ဒါကို ထောက်ချင့်ကြည့်ခြင်းအားဖြင့် ပင်လယ်ရေအောက်မြေထဲက ထွက်လာမယ့် ရေနံပမာဏရဲ့ တွန်းကန်အားကို တူးစင်ပေါ်က ဘူမိဗေဒပညာရှင်တွေက ကြိုတင်တွက်ချက်မှုမှားပြီး မထိန်းချုပ်လိုက်နိုင်တာ ဖြစ်မယ်။ တူးနေတဲ့လွန်သွား သည်လို သဲလွှာရေနံကြောထဲရောက်နေပြီဆိုတာ ဘူမိဗေဒပညာရှင်တွေ မသိဘဲမနေပါဘူး။ ဘာကြောင့်လည်းဆိုတော့ ရေနံတူးနေခိုက် မြေအဝင်အနက် ၂ ပေ ရောက်တိုင်း ရောက်တိုင်းမှာ လွန်သွားထိတွေ့လာတဲ့ မြေလွှာရဲ့အခြေအနေနဲ့ ရေနံရှိနိုင် မရှိနိုင်ကို ၂၄ နာရီမပြတ် ဓာတ်ခွဲစမ်းသပ်ကြည့်နေရတာ ထုံးစံဖြစ်ပါတယ်။ ဒါ … ဘူမိဗေဒပညာရှင်တွေရဲ့တာဝန်ပါ။ ရေနံတူးစင် တည်ဆောက်ထားရာနေရာတိုင်းမှာ ဘူမိဗေဒဓာတ်ခွဲခန်း lab တွေ တွဲရက်ရှိပါတယ်။ သီးသန့် air condition နဲ့ ဘာနဲ့ပါ။ တူးစင်ပေါ်မှာ သို့မဟုတ် ရေနံတူးရာမှာ ရေနံထုတ်လုပ်ရေးထုံးစံပေါ်လစီအရ ဘူမိဗေဒပညာရှင်တွေက အဓိက ဆုံးဖြတ် အမိန့်ပေးရတဲ့လူတွေပါ။ တွင်းတူးသမားတွေ၊ drilling engineer နဲ့ အလုပ်သမားတွေက ပေါ်လစီအရ လက်အောက်ခံပါ။ အခုလို မြေထဲက ရေနံသော်လည်းကောင်း၊ ရေသော်လည်းကောင်း၊ ဓာတ်ငွေ့သော်လည်းကောင်း တစုံတရာ တွန်းကန်အားပြင်းထန်လာပြီဆိုရင် … ဘူမိဗေဒရဲ့အလုပ်က ထုံးစံအတိုင်း အသင့်ဆောင်ထားတဲ့ ရွံ့မှုန့်အိတ်တွေ၊ ဘိလပ်မြေအိတ်တွေကို ရေနဲ့လိုသလို အကျဲအပြစ်ဖော်စပ်ပြီး တွင်းထဲကို အမြန်မောင်းလောင်းထည့် ထိန်းချုပ်ရပါတယ်။ ပင်လယ်ရေပြင်အောက် ရေနံတွင်းတွေက ကုန်းတွင်းမြေပေါ် ရေနံတွင်းတွေထက် အဆများစွာ ထွက်နှုန်းများလေ့ရှိတဲ့အတွက် လက်ဦးအစ မြေအောက်တွန်းကန်အား (initial outburst pressure)က ပိုပြင်းထန်တယ် ဆိုတာ ဘူမိဗေဒပညာရှင်တွေ ကောင်းကောင်း သိပါတယ်။ ပြီး မလှမ်းမကမ်းမှာ bp တကုမ္ပဏီထဲက ထုတ်လုပ်နေတဲ့ အလားတူ ရေနက်ပိုင်းတွင်း deep water horizon နှစ်တွင်းလည်း ရှိနေပါတယ်။ ဆိုတော့ ခုလို တွန်းကန်အားကို ဖိနှိမ်မထားနိုင်လို့ ရေနံစိမ်းတွေ၊ ရေနံဓာတ်ငွေ့တွေ တူးစင်ပေါ်အထိ ပန်းတက်လာပြီး တူးစင်ပေါ်က တူးစက်အင်ဂျင်တွေ၊ လျှပ်စစ်မီးစက်အင်ဂျင်တွေနဲ့ ထိတွေ့ပေါက်ကွဲ မီးလောင်ရတာ ဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါကြောင့်လည်း တူးစင်ပေါ်ကလူတွေအားလုံး လက်လွတ် ခုန်ချ ထွက်ပြေးကြရတာပေါ့။ ဒါတောင် ၁၁ ယောက် သေကျန်ရစ်ခဲ့တယ်။
X X X
ကျုပ်တို့တိုင်းပြည်မှာလည်း ပြည်တောင်တန်းမှာတကြိမ်နဲ့ မန်း အစမ်းတွင်းတွေ တူးစဉ်ကာလကတကြိမ်… လုပ်ငန်းကျွမ်းကျင်မှုတွေ နည်းသေးတဲ့အတွက် သည်လို အဖြစ်ဆိုးမျိုး ဆုံးရှုံးရမှုမျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကုန်းတွင်းမြေပေါ် တွင်းတိမ်ကလေးတွေသာဖြစ်တဲ့အတွက် မြေအောက်တွန်းကန်အားကလည်း မပြင်းထန်တော့ အချိန်မီလည်း စက်တွေကို ပိတ်လိုက်နိုင် လူလည်း အသေအပျောက် မရှိခဲ့ပါဘူး။          ။ အဲ … ဗမာ့ကမ်းလွန်ပင်လယ်ပြင်က တူးစင်တခုမှာတော့ သည်လို မီးလောင်ပေါက်ကွဲ ဆုံးရှုံးရမှုမျိုးကြုံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကျုပ်တို့က နိုင်ငံခြား ရေနံကုမ္ပဏီတွေကို တင်ဒါခေါ် တူးခွင့်လိုင်စင်ထုတ်ပေး၊  တူးရမယ့် နေရာသတ်မှတ်ပေး၊  ပေါ်လစီ policy ချပေးပြီး  တူးခိုင်း … ပြီး … ရေနံထွက်လာခဲ့ရင် ရလာမယ့်အကျိုးအမြတ်အပေါ်မှာ ဗမာက ၅၁% တူးတဲ့ရေနံကုမ္ပဏီက ၄၉% စနစ်နဲ့ ခွဲဝေခံစားရေး သဘောတူစာချုပ်ချုပ် လုပ်ခဲ့ကြတာဆိုတော့ … ကျုပ်တို့ဘက်က ရေနံသိုက်လျှို့ဝှက်ချက် အနည်းငယ် သူတို့သိသွားရတာကလွဲလို့ ဘာမှ အဆုံးအရှုံး မရှိခဲ့ပါဘူး။ နိုင်ငံခြားရေနံကုမ္ပဏီကလည်း အခြေအနေ မလှတာနဲ့တပြိုင်နက် ၄ နာရီလောက် အချိန်စောပြီး တူးစင်ကို စွန့်ခွာလာနိုင်ခဲ့ကြပါတယ်။ ပေါက်ကွဲမီးလောင်ပြီး ကျန်ရစ်ဆုံးရှုံးခဲ့တယ်ဆိုတဲ့ တူးစက်တွေနဲ့ တူးစင်ကလည်း ထုံးစံအတိုင်း အာမခံထားရှိပြီးဖြစ်ကြတဲ့အတွက် ရေနံကုမ္ပဏီအနေနဲ့လည်း သိပ်ဆုံးရှုံးမယ် မထင်မိပါဘူး။ အမှတ်တရ … အဲသည်တုန်းက တူးစင်ကို နောက်ဆုံးမှ စွန့်ခွာလာခဲ့ကြသူတွေကတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ခဲ့ကြတယ်။ ဗမာဘူမိဗေဒပညာရှင် တွေပါ။ အဲသည်တုန်းကလည်း ကျုပ်တို့ဗမာဘက်က နစ်နာဆုံးရှုံးမှုကလည်း မဖြစ်၊ တဖက်ကလည်း ကိုယ်မတတ်လို့ ကိုယ်မနိုင်လို့ ဘိုင်ကြံ ကြံပြီး နိုင်ငံခြားရေနံကုမ္ပဏီကို မျှော်လင့်ချက်ပေး တူးခိုင်းရတာ ဆိုတော့ လက်ညှိုးထိုးလို့ကလည်း မဖြစ်၊ ဒီလိုနဲ့ ငြိမ်နေလိုက်ကြရတာပါပဲ။ လူထုကလည်း ဘာမှ မသိလိုက်ရပါဘူး။ ဒါပေမယ့် ဗမာ့ရေနံလောကထဲမှာတော့ အများကြီးစကားပြောခဲ့ကြပါတယ်။ သင်ခန်းစာတွေလည်း အများကြီး ရလိုက်ပါတယ်။ တွင်းတူးရေနံကုမ္ပဏီသာ ဗမာဆိုရင် သည်လောက်အထိ လုပ်လာပြီးမှ သည်လိုဘူမိဗေဒပညာရှင်တွေရဲ့ စကားကိုနားမထောင်ဘဲ စက်တွေကို အားလုံးရပ်ပြီး အလွယ်တကူ လက်လျော့ စွန့်ခွာပါ့မလားပေါ့။ ဥစ္စာရင်မဟုတ်လို့သာ မစွန့်စား မကြိုးပမ်းတာပေါ့ … စသဖြင့်ပေါ့။ တနည်းအားဖြင့်တော့ လက်ညှိုးထိုးတာပါပဲ။
အခု အမေရိကားမှာလည်း စကားတွေ ပွားနေကြပါပြီ။ တဖွဲ့နဲ့တဖွဲ့ … အပြန်အလှန် လက်ညှိုးထိုးနေကြတာ နားကြားပြင်း ကပ်လာတော့ … သူ ဆက် သည်းမခံနိုင်ဘူးလို့ သမ္မတကလည်း အပြတ်ပြောပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့လိုက်ပါပြီ။ ကွန်ကရက်လွှတ်တော်ထဲမှာ စစ်ဆေးကြားနားနေကြပါပြီ။ ရေနံတွင်းတူး လိုင်စင်ချပေးတဲ့ဌာနနဲ့ ရေနံကုမ္ပဏီတွေနဲ့က cozy relationship ပလဲနံပသင့်ကြပါပေတယ် လို့ ပြောလိုက်တဲ့အတွက်လည်း တာဝန်ရှိတဲ့ Minerals Management Service Agency ရဲ့အကြီးအကဲ Interior Secretary Ken Salazar ဆိုတဲ့ ပုဂ္ဂိုလ် သူ့ဌာနရဲ့ ပေါ့လျော့မှုပါလို့ ဝန်ခံပြီး ရာထူးကနေ နုတ်ထွက်သွားပါပြီ။ ရေနံတူးတဲ့ bp ကုမ္ပဏီ ဥက္ကဋ္ဌတို့၊ တူးစင်ဆောက်လုပ်ခဲ့တဲ့ transocean ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်တို့လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရှေ့မှောက်မှာ ရောက်နေကြပါပြီ။
ဒါပေမယ့် gulf of mexico ပင်လယ်ကွေ့ထဲမှာတော့ ရေနံတွေက ဆက်လက်ယိုဖိတ် ပြန့်နှံ့နေဆဲပါပဲ။ နောက်ဆုံး သတင်းအရဆိုရင် ရေနံစိမ်းဂါလံပေါင်း ၁၁ သန်းကျော်နေပါပြီ တဲ့။  ပြီး အယ်လ်ဘားမား ပြည်နယ် dauphin ကျွန်းကနေ လူဝီဆီယားနားပြည်နယ် grand Isle ကျွန်းအထိ  မိုင်ပေါင်း ၁၅၀ တိုင်တိုင် ရေနံစိမ်းတွေ ပြန့်နှံ့နေပါပြီ တဲ့။ ကမ်းရိုးတန်း ဒိုက်တောတွေမှာ နေကြတဲ့ ငှက်တွေလည်း ရေနံစိမ်းတွေလူးပြီး သေကြေပျက်စီး ကုန်ကြပါပြီ တဲ့။ အဲဒီပြည်နယ်ကမ်းရိုးတန်းတလျောက်က ကမ်းခြေရေဆိပ်တွေလည်း ဧည့်သည်လုံးဝမလာတော့ဘဲ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းကုန်ကြပါပြီ တဲ့။
X X X
သိတယ်နော် …၊ ရေနံစိမ်း ရေနံချေးဆိုတာ crude oil ဆီပဲလေ။ ဆီဆိုတာ ရေထက် သိပ်သည်းဆနည်းတော့ ပေါ့ပြီး ရေပေါ်မှာပဲ နေတာပေါ့။ ပြီး … မြေကြီးထဲက ရေနံဆိုတာကလည်း မြေလွှာ၊  ကျောက်လွှာ၊ ရေကြော၊  သဲကြောထဲမှာ သူချည့် သီးသန့် လိုဏ်ခေါင်းဖွဲ့နေကြတာမဟုတ်ဘူး။ သူ့သဘာဝက သဲကြောထဲမှာ သဲတွေက စုပ်ထားတဲ့အတွက် သဲတွေနဲ့ ရောနေတာ။ ဒါပေမယ့် သူ့အပေါ်က မဟာပထဝီမြေကြီးက ဘယ်လောက်ပဲ ဖိထားထား။ မြေလွှာ၊ ရေလွှာ၊ ကျောက်လွှာတွေကို ထိုးဖောက်ပြီးတော့ မြေပေါ် အလိုအလျောက် ပန်းထွက်မလာနိုင်ဘူး။ အဲဒါကို ရေနံတူးသူတွေက “လွန်”နဲ့ လှည့်တူးပြီး ထွက်ပေါက်လုပ်ပေးမှ ထွက်လာနိုင်တာ။ ဒါလည်း ရေနံခိုအောင်းနေတဲ့နေရာ၊ ရေနံသဲကြောကို သံမဏိပိုက်လုံးတွေ ဆင့်ဆင့်ပြီး လွန်ရိုးလုပ်တပ်ထားတဲ့ “စိန်လွန်သွား” ကြီးက တည့်တည့်မတ်မတ် ထောက်မိပါအုံးမှ။ တည့်တည့်မတ်မတ် ထောက်မိဖို့ဆိုတာကတော့ ရေနံဘူမိဗေဒပိုင်းရယ်၊ အနုမြူရောင်ခြည် ဘာသာရပ်ပိုင်းရယ်၊ ကံပိုင်းရယ်ပေါ့နော်…။ မမြင်ရတဲ့ မြေကြီးထဲက တီကောင်ကို မြေပေါ်က အပ်နဲ့စမ်းထောက်ရသလိုမျိုး။ မလွယ်တော့ မလွယ်လှပါဘူး။      ။
တချိန်က ကျုပ်တို့နိုင်ငံအတွက် ကမ်းလွန်ရေနံတွင်းတွေ တူးဖို့ဆိုပြီး ဂျပန်နိုင်ငံအစိုးရက တွင်း ၁၀ တွင်းစာ ကုန်ကျမယ့် ငွေကြေး ဒေါ်လာသန်း ဘယ်လောက်လဲမသိ ထောက်ကူခဲ့ဖူးပါတယ်။ တကယ်လို့ ရေနံထွက်လာခဲ့ရင် ဂျပန်နိုင်ငံကိုပဲ ကာလပေါက်ဈေးအတိုင်း ရောင်းပါ့မယ်ပေါ့။ ကတိစာချုပ်နဲ့လေ။ ဂျပန်နိုင်ငံက ရေနံလိုတယ်။ လက်ရှိ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဝယ်ယူတင်သွင်းနေရတာ ခရီးလမ်းကထောက်တော့ စားရိတ်အကုန်အကျ များတယ်ပေါ့။ အမယ် … အပို တတွင်းစာ ငွေတောင် လက်ဆောင်ထပ်ပေးလိုက်သေး။ အားလုံးပေါင်း ၁၁ တွင်းကို အမေရိကန် ရေနံတွင်းတူး ကုမ္ပဏီတွေနဲ့ တူးတာ … ဘယ်မှာ ရေနံထွက်ခဲ့လို့တုန်း။
ဆိုလိုတာက ရေနံတူးတယ်ဆိုတာလည်း ကြေးကြီး လောင်းကစားနည်း တမျိုးပေါ့။ high roll gambling ပါပဲတဲ့။ ပြောစမှတ် ပြုကြတယ်။ အဲ … ရေနံထွက်ပြီဟေ့ဆိုရင်တော့ ထောပြီပဲ။ တွင်းဝကို ဘုံဘိုင်ခေါင်း တပ်၊ ပိတ်ထားလိုက်ပြီး လိုတဲ့အချိန်မှာ လိုသလောက်ထုတ်ယူပေတာ့။ ကျုပ်တို့ဗမာပြည်မှာကတော့ ပိတ်မထားနိုင်ပါဘူး။ စ ထွက်ပြီဆိုကတည်းက ထွက်သမျှ ရနိုင်သမျှကို နာရီစက္ကန့်မလပ် မရပ်မနား ထုတ်ယူနေရတာပဲ။ ဒါတောင် ပြည်တွင်းသုံးအတွက် မလောက်ဘူး။ ပြည်ပက သွင်းရသေးတယ်။ ကျုပ်တို့ရဲ့ ကုန်းတွင်း တွင်းတွေကလည်း တွင်းတိမ်လေးတွေဆိုတော့ သိပ် အထွက်မများပါဘူး။ အလွန်ဆုံးထွက်မှ တနေ့ ဆီပေပါ ၁၀၀ နဲ့ ၂၀၀ ကြားပေါ့။ ဒါတောင် စထွက်ထွက်ခြင်း ပန်းအားသန်တုန်း initial draw ရယ် … ။ နောက်ပိုင်းကျ လေးငါးဆယ်ထွက်ဖို့တောင် မောင်းတံနဲ့ စုပ်ယူရတယ်။ သည်နေရာမှာ ဗဟုသုတအဖြစ် ပြောရအုံးမယ်။
ပင်လယ်ရေပြင်အောက် ဓာတ်ငွေ့ရေနံတွင်းတွေက ရေနံထွက်တယ်ဆိုရင် အနည်းဆုံး တနေ့ စည်ပေပါ ထောင်ဂဏန်း၊ သောင်းဂဏန်းနဲ့ ချီ ထွက်လေ့ရှိတယ်။ BPD barrells par day လို့ သုံးတယ်။ အခု အမေရိကန်မှာ ပြဿနာတက်နေတဲ့ gulf of mexico ထဲက မီးလောင် ပေါက်ကွဲသွားရတဲ့ ရေနံတွင်းက ရေနံစိမ်းတွေ ယိုထွက်နေတာကိုပဲ ကြည့်။ တနေ့ ရေနံစိမ်းဂါလံပေါင်း ၅၄,၀၀၀၊ စည်ပေပါ တသောင်းကျော်ခန့် တဲ့။ တွင်းကလည်း ရေမျက်နှာပြင်အောက် ၁.၂ မိုင်အနက်က တွင်းကိုး …။ deep water horizon လို့ ခေါ်တယ်။
သည်နေရာမှာလည်း ဆန်းပြားတဲ့ ရေနံဘူမိဗေဒ ဗဟုသုတ တခု ပြောရဦးမယ်။ ရေနံထွက်နှုန်းကို ပြောပါတယ်။ ရေနံက မြေပုံမှာ (Longitude) လောင်တီကျုတွေနဲ့ မျဉ်းပြိုင်တည်နေတဲ့ ဒေါင်လိုက် ကမ်းရိုးတန်း (ဥပမာ … ရခိုင်ကမ်းရိုးတန်း၊ ဂျပန် ကမ်းရိုးတန်း) တွေရဲ့ ကမ်းလွန်ဒေသတွေမှာထက် … (Latitude) လတ္တီကျူတွေနဲ့ မျဉ်းပြိုင်တည်နေတဲ့ ကန့်လန့်ကမ်းရိုးတန်းတွေရဲ့ ကမ်းလွန်ဒေသတွေမှာက ပိုလည်း အထွက်များတယ်။ ထွက်ဖို့လည်း ပို သေချာတယ်။ အဲဒါ ရေနံရဲ့သဘာဝပဲ။ လက်တွေ့ကြည့်လေ။ gulf of Mexico, gulf of Alaska, Persian gulf, gulf of Oman ။ ရေနံ အလျှံပယ် ထွက်နေတဲ့ ပင်လယ်ကွေ့တွေပဲ။ ကမ္ဘာမြေပုံကို ပြန်ကြည့်။
ကျုပ်တို့ရဲ့ မုတ္တမပင်လယ်ကွေ့ (gulf of martadan) ကရော … ကန့်လန့်ကမ်းရိုးတန်း မဟုတ်လား။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က ရေနံဘူမိဗေဒပညာရှင်တွေက ကျုပ်တို့ရဲ့မုတ္တမ ပင်လယ်ကွေ့ရဲ့ အောက်မှာ ရေနံအိုင်ကြီး ရှိတယ်လို့ တညီတညွတ်တည်း ဟောကိန်းထုတ် မျက်စေ့ကျနေကြတာပေါ့။ လက်တွေ့ အထောက်အထားတခုကလည်း ရှိနေတယ်လေ။ တွင်းတတွင်းက ရေနံဓာတ်ငွေ့တွေ အလျံပယ်ထွက်နေတယ် မဟုတ်လား။ ထိုင်းနိုင်ငံကို လက်လွှဲရောင်းစားနေတာကိုပဲ တနှစ်ဒေါ်လာ ၄ ဘီလီယံ ရတယ်   ဆိုလားပဲ။
ဒါပေမယ့် နအဖ စစ်အစိုးရကလည်း ပါးပါတယ်။ လက်လွတ်စပယ် လုပ်မပစ်ပါဘူး။ တခုတော့ရှိတယ်။ သည်နှစ်က ပြည်တွင်းမှာ ရွေးကောက်ပွဲအကြိုနှစ်လေ။ သူတို့အာဏာတည်မြဲအောင်၊ သူတို့ပဲ အနိုင်ရအောင် ပြည်သူလူထုကို အတိုင်းအတာ တခုအထိတော့ အကျိုးပြုပြရမယ် မဟုတ်လား။ ပြည်သူလူထု ချမ်းသာအောင် … ပြည်သူလူထုက ထောက်ခံလာအောင် ဒီ မုတ္တမကမ်းလွန် စုဗူးကြီးကို ဒီနှစ် ဖောက်ပြတော့မယ် ထင်ပါရဲ့။ ဗမာပြည်မှာ နိုင်ငံခြားသား ရေနံသမားတွေ ခြေရှုပ်နေတယ်လေ။ မျက်နှာဖြူတွေထက် မျက်နှာဝါတွေ ပိုများတယ် ပြောကြတာပဲ…။
X X X
အဲ အမေရိကားမှာလည်း ကြုံကြိုက်ချင်တော့ အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်ပွဲတွေက စတော့မယ်လေ။ ရေနံစိမ်းတွေ မတရား ယိုဖိတ်နေတာကို တလကျော်လာတဲ့တိုင်အောင် မပိတ်ဆို့နိုင်ရကောင်းလားလို့ စောစောပိုင်းက တာဝန်ရှိတဲ့ ရေနံကုမ္ပဏီကို ဝေဖန်လက်ညှိုးထိုးနေရာက … အခုတော့ အစိုးရကိုပါ ဝေဖန်ကဲ့ရဲ့လာကြပြီလေ… ။ လကမ္ဘာနဲ့ အာကာသမှာ ခြေဆန့်နိုင်တဲ့နိုင်ငံက ရေအနက်တမိုင်ကျော်က ရေနံပိုက်ကျိုး ပိုက်ပေါက်ကို ပိတ်နိုင်ဖို့အတွက် ကျွမ်းကျင်သူနဲ့ ပစ္စည်းမရှိဘူးဆိုတာ ယုံတမ်းစကားလားတဲ့။ Republican ဖက်ကသတင်းစာတစောင်မှာ ပါလာတဲ့ ရုပ်ပြောင်တခုကို တွေ့လိုက်ရတယ်။
အမှန်ကတော့ … သက်ဆိုင်ရာရေနံကုမ္ပဏီကရော၊ အစိုးရရဲ့ ကမ်းခြေစောင့်တပ်တွေကရော၊ အင်ဂျင်နီယာအဖွဲ့တွေရော၊ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ဒေသခံတွေကရော တနည်းမဟုတ် တနည်းနဲ့တော့ ကြိုးစားကာကွယ် ပိတ်ဆို့နေကြတာပါပဲ။ ဒါပေမယ့် ခုထက်ထိတော့  မအောင်မြင်သေးပါဘူး။ ရေနံစိမ်းတွေက ပိုတောင်ထွက်လာသလိုလည်း ပြောနေကြတာပဲ။ ဂါလံပေါင်း ၁၁ သန်းကျော် ပျံနှံ့နေပြီလို့လည်း သတင်းတွေ ကြားရတယ်။ ကမ်းခြေတွေအပေါ်အထိ ရောက်လာပြီဆိုတာလည်း တီဗီနဲ့ စာနယ်ဇင်းတွေမှာ တွေ့ရတယ်။ ဘာပဲပြောပြော၊ ကမ်းစပ်နေ ငှက်မျိုးနွယ်တွေနဲ့ ရေထဲက သတ္တဝါတွေတော့ သေကျေပျက်စီးကုန်ကြပြီ။ အဲဒီဘက်ခြမ်းကမြို့တွေမှာ ငါးပုဇွန်ဈေးတွေလည်း တက်ကုန်ကြပြီ။ ငါးပုဇွန်ဖမ်းရေလုပ်သားတွေလည်း ဘောင်ကျဉ်းပြီး ဒုက္ခရောက်ကုန်ကြပြီ။
အင်း …ကျုပ်က စဉ်းစားမိတယ်။ ကျုပ်တို့ရဲ့ပြည်တွင်းက ရေနံမြေတွေမှာ တွေ့ရလေ့ရှိတဲ့ ရေပေါ်ဆီစုတ်ယူကြပုံကို ပြန်မြင်ယောင်ပြီး အကြံပေးရရင်ကောင်းလေမလားပေါ့။ ရေနံမြေရှိရာမြို့တွေကို ရောက်ဖူးကြရင် တွေ့ဖူးမှာပါ။     ။
သိတယ်နော်…၊ ရေနံမြေတွေမှာ ထွက်လာတဲ့ရေနံတွေကို ပိုက်နဲ့သွယ်ပြီး ပထမအဆင့် လှောင်ကန်ငယ်လေးတွေထဲကို မောင်းထည့်တယ် မဟုတ်လား။ လှောင်ကန်ထဲရောက် အနယ်ထိုင်တော့ သူ့ သဘာဝအလျောက် … ရေနံဓာတ်ငွေ့ လေက လေသပ်သပ်၊ အပေါ်ဆုံးက၊ ရေနံဆိုတဲ့ဆီက ဆီသပ်သပ်၊ အလယ်ခေါင်က၊ ပြီး အလေးဆုံးဖြစ်တဲ့ ရေက ရေသပ်သပ်၊ အောက်ဆုံးက။ သုံးထပ်သုံးလွှာ ဖြစ်နေတာပေါ့။
အဲဒါကိုမှ အပေါ်က ခေါင်းတိုင်လုပ် အငွေ့တွေ ထုတ်ပစ်၊ ပြီး ပိုက်နဲ့သွယ် တနေရာမှာ စု မီးရှို့ပစ်။ ရေနံမြေတွေမှာ ဓာတ်တိုင်လိုထောင်ထားပြီး မီးရှို့ထားတဲ့ ဆယ့်နှစ်ရာသီ မီးတုတ်ကြီးတွေ မြင်ဖူးမှာပေါ့။ ကျန်တဲ့နှစ်လွှာမှာတော့ အပေါ်လွှာကဆီ၊ အောက်က ရေ လေ။ အောက်ကရေတွေကိုလည်း ဘုံဘိုင်ခေါင်း တပ်ထားတဲ့ လှောင်ကန်တွေဆိုတော့ ရေတွေကို ဖွင့်ထုတ်ချပစ်လိုက်တာပေါ့။ ဆိုတော့ကာ လှောင်ကန်ထဲမှာ ဆီပဲ ကျန်တော့တာပေါ့။ ဒါပေမယ့် အဲဒီဆီထဲမှာ ရေနည်းနည်းမှ ကျန်မနေအောင် သန့်ရတဲ့အခါကျတော့ ဖွင့်ထုတ်ချလိုက်တဲ့ ရေထဲမှာ ဆီအစအနပါလာတာ မြင်ရမှ ရပ်ရတာပေါ့။ နော့ ရေနဲ့ဆီခွဲရအောင်က ဇကာနဲ့စစ်လို့ ရေစစ်နဲ့စစ်လို့ ရတာမှ မဟုတ်ပဲ။
ဆိုတော့ကာ ဖွင့်ထုတ်လိုက်တဲ့ရေထဲမှာ ဆီတွေ တစွန်းတစ ရောပါသွားရတယ် ဆိုပါတော့။ တွေ့ဖူး မြင်ဖူးမှာပါ။ မြောင်းကလေးလုပ်ပေးပြီး မြေကန်ကလေး တကန်ထဲ သွယ်ထုတ်လိုက်တဲ့အခါ၊ အဲဒီ ကန်ရေပြင်မှာ ဆီတွေ ဝေ့တက်နေတာလေ။ အဲဒီ ဝေ့တက်နေတဲ့ ရေပေါ်ကဆီတွေကို ကျုပ်တို့ဆင်းရဲသားမိသားစုတွေက ဘယ်လို လုပ်ယူကြတယ် မှတ်သလဲ။ သဲ့ပြီး ခပ်မယူပါဘူး။ လွယ်လွယ်လေးရယ်။ တဘက်၊ မျက်နှာသုတ်ပုဝါ မွှေးပွနဲ့ လွှားအုပ်ယူတာပေါ့။ ပုဝါက ချည်ထည် ၀ါဂွမ်းဆိုတော့ ဆီကို စုပ်တယ်လေ။ အဲဒီ မျက်နှာသုတ်ပဝါကိုမှ လက်ဆွဲပုံးထဲညှစ်ချ။ လုပ်ပါလေ့ အကြိမ်ကြိမ်။ ရေပေါ်ကဆီ ကုန်ရော…။
ကျုပ်က ဒီနည်းကို ပြန်တွေးမိပြီး ပြသနာဖြစ်နေတဲ့ ရေနံကုမ္ပဏီကို လှမ်းအကြံပြုရ ကောင်းမလား စဉ်းစားတုန်းရှိသေးတယ်။ bp က လုပ်နေပြီ။ ရေနံထည့် သံလှောင်ကန်ကြီးတွေ ပင်လယ်ပြင်ချပြီး ရေပေါ် ရေနံစိမ်းတွေကို စုပ်ထည့်နေလေရဲ့။ သူတို့ကတော့ စက်တွေနဲ့ တွန်းသင်္ဘောတွေနဲ့ဆိုတော့  မျက်နှာသုတ်ပဝါထက် မြန်တာပေါ့။ အမယ် … ပထမ ရက်တုန်းကတော့ ဂါလံပေါင်း ၄၁,၀၀၀ ၊ နောက်ပိုင်းတော့ တနေ့ … ၉၂,၄၀၀ ထိတောင် ပြန်စုပ်ယူနိုင်တယ်ဆိုပဲ။ ပင်လယ်ပြင် ညစ်ညမ်းမှုလည်း သက်သာ၊ ကုမ္ပဏီလည်း နည်းနည်း ပြန်ဝင်ငွေရတာပေါ့။ ဒါပေမယ့် အရပ်ကတို့ရေ … အခြေအနေ မကောင်းပါဘူး။ တပတ်မပြည့်ခင်မှာဘဲ စုပ်ယူနေတဲ့သင်္ဘောနဲ့ သံကန်တွေပါ ပေါက်ကွဲမီးလောင်သွားရတယ်။ အခုဆိုရင် အမိန့်ထပ်ထုတ်လိုက်ပြန်ပြီလေ …။ အဲသည် ရေနံစိမ်းတွေ မျောပါပျံ့နှံ့နေတဲ့ ပင်လယ်ပြင်ပေါ် … ဘယ် စက်တပ်ရေယာဉ်မှ ဖြတ်သန်းမောင်းနှင်ခြင်း မပြုရ … တဲ့။
မျက်နှာသုတ်ပဝါစနစ်လည်း မကယ်နိုင်ပါလား။
ဒါပေမယ့် လက်မလျော့ကြပါဘူး။ အခု top kill စနစ်တဲ့။ ဒီကနေ့ ဗုဒ္ဓဟူးနေ့ မေလ၂၆ ရက်က စမယ်။ သည်စနစ်က အသစ်တော့မဟုတ်ပါဘူး။ တူးစင်ပေါ်က စနစ်ပါ။ ရွှံ့စေးမှုန့်တွေ၊ ဘိလပ်မြေတွေနဲ့ ရေနံယိုထွက်ပေါက်တွေပေါ်  လောင်းချ ပိတ်ပစ်တဲ့ စနစ်ပါ။ အောင်မြင်ဖို့ မျှော်လင့်ချက်ကတော့ နည်းပါတယ်။ ဒါပေမယ့် …
မောင်သာရ
(မိုးမခ မှတ်ချက် - ဆရာမောင်သာရဆီက စာမူရရှိပြီး စာစီနေတုန်းမှာပဲ ယနေ့ တီဗီသတင်းအရ - Top Kill စနစ်လည်း မအောင်မြင်ပါဘူး … တဲ့)