Thursday, May 31, 2012

Private Sector invited to Electricity Business in Burma


ပုဂ္ဂလိကလျှပ်စစ်မီး ထုတ်လုပ် ဖြန့်ဖြူးခြင်း ဖိတ်ခေါ်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၁၊ ၂၀၁၂
လျှပ်စစ်မီး မလုံလောက်မှု အပေါ်မကျေနပ်၍ ငြိမ်းချမ်းစွာဆန္ဒပြမှုများ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားပြီး ရက်သတ္တ ၁ပတ်ကျော်အကြာတွင် နိုင်ငံတော်ပိုင် လုပ်ငန်းအဖြင့်သာလုပ်ကိုင်ခွင့်ရှိသည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းများအား စတင်ဖိတ်ခေါ်လိုက်သည်။
ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အမှတ် (၁) နှင့် (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန နှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့မှ ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် မဟာ လျှပ်စစ်ဓါတ်အားလိုင်းထဲ ဓါတ်အားထည့်ဝင်ခြင်း၊ ရယူဖြန့်ဖြူးခြင်း နှင့် သီးခြား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းတို့ကို လုပ်ဆောင်နိုင်သည်ဟု အသိပေး ကြေညာထားသည်ကိုတွေ့ရသည်။
ယခုကဲ့သို့ ကြေညာချက်ရခြင်း၏ ရည်ရွယ်ချက်ကို “နိုင်ငံအနှံလျှပ်စစ်မီးများ အမြန်ရရှိစေရေး” ဟုဖေါ်ပြထားရာ ယခုတလော ဖြစ်ပွားခဲ့သည့် လျှပ်စစ်မီးမှန်ရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်မှုများ၏ အကျိုးဆက်ဖြစ်သည်ဟု ယူဆနိုင်ကြောင်း ရန်ကုန်မြို့ခံတဦးက ကောက်ချက်ချသည်။
ယခုလက်ရှိ အနေအထားတွင်မဟာဓါတ်အားလိုင်းဟု ခေါ်ဆိုသည့် National Grid ထဲတွင် မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင် သထုံ၊ ဖားအံမှ မြောက်ပိုင်း ရှမ်းပြည်နယ်၊ မန္တလေး မုံရွာတို့အထိပါဝင်လျှက်ရှိကာ ယင်းတိုင်းနှင့်ပြည်နယ်မြို့ကြီးများတွင် လျှပ်စစ်ဓါတ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိက လုပ်ကိုင်ခွင့် မပြုထားသည်ကိုတွေ့ရသည်။
ရခိုင်၊ တနင်္သာရီ ဒေသရှိမြို့ကြီးများဖြစ်သည့် ထားဝယ်၊ မြိတ်နှင့် စစ်တွေတို့တွင် ဒေသလိုအပ်ချက်အရ ယခင်ကတည်းက လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုထားခဲ့ရာ ယခုကဲသို့ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက လုပ်ငန်းများအား မဟာဓါတ်အားလိုင်းရောက်ရှိသည့် ဒေသများတွင် ဖိတ်ခေါ်သည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်လည်း ဖြစ်သည်။
မြန်မာနိုင်ငံတနိုင်ငံလုံးတွင် ဓါတ်အား ထုတ်လုပ်နိုင်သည့် ပမာဏ ၁၅၀၀ မက်ဂါဝပ် ၀န်းကျင်သာရှိပြီး ရန်ကုန်မြို့က ၆၀၀ မက်ဂါဝပ် သုံးစွဲနေပြီး မန္တလေးက ၁၂ မက်ဂါဝပ်၊ နေပြည်တော်က ၅၀ မက်ဂါဝပ်ခန့် သုံးစွဲနေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ  ဆောင်းပါး၌လည်း ဖေါ်ပြထားသည်။
လူဦးရေ သန်း ၆၀ ရှိသည့် မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ကာ လူဦးရေ ၄ သန်းသာရှိသည့် စင်္ကာပူနိုင်ငံတွင် မက်ဂါဝပ် ၁ သောင်း ၁ ထောင်ဝန်းကျင်သုံးစွဲနေသည်ကိုလည်း ယင်းဆောင်းပါးတွင် ဖေါ်ပြထားသည်။
ယင်းဆောင်းပါးတွင်ပင် လက်ရှိ အစိုးရက ချမှတ်ထားသည့် ၂၀၂၀ ခုနှစ်အထိ လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးရေး စီမံကိန်းများအရ ဘတ်ဂျက်မှန်မှန်ရခဲ့လျှင် ၂၀၂၀ ခုနှစ်၌ မက်ဂါဝပ် ၁၉၀၀ ကျော်ပိုမိုရလာမည်ဖြစ်သော်လည်း တိုးတက်လာမည့် လူဦးရေ ၊ စက်မှုလုပ်ငန်းများ၏ အခြေအနေကြောင့် လောက်ငှနိုင်မည်မဟုတ်ဟုလည်း ဝေဘန်သုံးသပ်ပြထားသည်။
မိုးရာသီစတင်ဝင်ရောက်ခါစ ပြုနေသည့် မေလနှောင်းပိုင်းတွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရကာ စက်မှုဇုန် စီးပွားရေးလုပ်ငန်းများ အနေဖြင့် ၎င်းတို့ကိုယ်ပိုင် မီးစက်ဖြင့် လည်ပတ်နေရသည့် အခြေအနေလည်း ဖြစ်သည်။         ။ 

Hle Dan Apartments under scrutiny


လှည်းတန်းအ၀ိုင်း ပြည်မြန်မာကုန်တိုက်အနီး စုပေါင်းအိမ်ယာ၏ မိလ္လာကန်များ ကျုးကျော်သိမ်းပိုက်ခြင်းခံရ
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၁၊ ၂၀၁၂
ရန်ကုန်မြို့၊ ကမာရွတ်မျြိ့နယ်၊ လှည်းတန်းလမ်းဆုံက စုပေါင်းအိမ်ယာတိုက်တန်း ၂ ခု ရှိ မိလ္လာကန်များကို အာဏာပိုင်များက ကျူးကျော်ပြီး ဆိုင်ခန်းများ ဆောက်လုပ်ရောင်းချခဲ့သည့် အမှုအခင်းများ ၁၀ နှစ်ကျော်နေပြီဟု သိရသည်။ အဆိုပါ ကျူးကျော်ဆိုင်ခန်းများအောက်တွင်ရှိ မိလ္လာကန်များမှာ ထိန်းသိမ်းလည်ပတ်ခြင်း မလုပ်နိုင်သည်မှာလည်း နှစ်ကာလကြာပြီး ဖြစ်သဖြင့် ပတ်ဝန်းကျင် လူထု၏ ကျန်းမာရေး၊ သန့်ရှင်းရေးကို ထိခိုက်မည်ကို စိုးရိမ်နေကြရပြီ ဟု ဆိုသည်။
ယခင်စစ်အစိုးရ၏ ၀န်ကြီးဌာနတို့က ပြည်မြန်မာကုန်တိုက်နှင့် ကပ်ရက် စုပေါင်းအိမ်ယာတိုက်တန်း၏ ကားရပ်နားရာနှင့် ရေ၊မီး၊ မိလ္လာနေရာများတွင် ကျုးကျော်ဆိုင်ခန်းများ ဆောက်ခဲ့ခြင်း၊ ယခု အစိုးရလက်ထက်တွင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များထံ ဥပဒေစည်းကမ်းမဲ့ လက်လွှဲရောင်းချခဲ့ပြီး ကျုးကျော်ဆိုင်ခန်းနေရာများကိုပါ မူလစုပေါင်းအိမ်ယာပိုင်ရှင်မိသားစုများ၏ သဘောထားကို လစ်လျူရှုပြီး ထားခြင်းတို့ ကြောင့် စုပေါင်းအိမ်ယာများက တိုက်ခန်း ၉၆ ခန်းမှ မိသားစု ၁၅၀၏ လူဦးရေ ၈၀၀ ကျော်တို့၏ ကိုယ်စား ရပ်မိရပ်ဖတို့က သက်ဆိုင်ရာ ၀န်ကြီးများနှင့်တကွ နိုင်ငံတော်အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ စာရေးသား ပန်ကြားထားသည်ဟု သိရသည်။





“စာတွေက နှစ်ဆန်းတုန်းက တင်ထားတာ။ ခုထိ အစိုးရကော ကော်မရှင်ကကော ဘာမှ အရေးမလုပ်ဘူး။ ပြည်မြန်မာကုန်တိုက်ကို လေလံအောင်သွားတာက  AA Pharmacy နဲ့ MMRD company တွေဖြစ်တယ်။ သူတို့က တလောတုန်းက ပြည်မြန်မာကုန်တိုက်တင်သာမက အယင်ကျုးကျော်ထားတဲ့ ဆိုင်ခန်းနေရာတွေကို ခြံစည်းရိုး ၀င်ခတ်ဖို့ လုပ်လာတယ်။ အဲဒါ အိမ်ယာစခန်း ၁ နဲ့  ၂ က လူတွေ ၀ိုင်းကန့်ကွက်လို့ ပြန်သွားကြတယ်။ နောက် ဘယ်တော့ ပြန်လာမလဲ မသိဘူး” ဟု စုပေါင်းအိမ်ယာစခန်းက မိသားစုဝင်တဦးက မိုးမခကို ရှင်းပြသည်။
            မြန်မာစစ်အစိုးရ တဖြစ်လဲ လက်ရှိကြံ့ဖွံ့အစိုးရနှင့် အပေါင်းအပါများသည် တိုင်းပြည်၏ သယံဇာတနှင့် ပြည်သူပိုင်ပစ္စည်းများ၊ အိမ်ယာ၊ မြေယာများစွာကို လက်လွှဲရောင်းချခြင်း၊ ငွေကြေးအမြတ်ထုတ်ခြင်း မြောက်များစွာ ပြုလုပ်နေဆဲဖြစ်ရာ ယခုကဲ့သို့ ဥပဒေမဲ့ ကျူးကျော်မှုများ၊ မတရားမှုများကို ဖော်ထုတ်မှုများ၊ ကန့်ကွက်မှုများ ယခုနှစ်ပိုင်းတွင်း ပိုမို ပေါ်ပေါက်လျက်ရှိသည်။





Pyinnyar Alinn Aung School needs help from community


ပညာအလင်းရောင် စာသင်ကျောင်းအတွက် အလင်းရောင်လိုအပ်
မိုးမခအထောက်တော် ၀၀၁၊ ဇွန် ၁၊ ၂၀၁၂
ရန်ကုန်မြို့၊ စက်ဆန်းရပ်ကွက်၊ ၉ လမ်း၊ ပညာအလင်းရောင် ပညာဒါနစာသင်ကျောင်းကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများက ဖွင့်လှစ်ထားပါတယ်။ ၁၀တန်း ကျောင်းသား ၃၅ ဦး ရှိတယ်လို့ သိရပါတယ်။ ကျောင်းသားများအတွက် လိုအပ်ချက်တွေကို ဆရာ၊ ဆရာမတွေက ဖြည့်ဆည်းပေးကြရတယ်လို့ ဆိုပါတယ်။ မီးရထားဌာနက အခြေခံအလုပ်သမားမိသားစုတွေ နေထိုင်တဲ့ စက်ဆန်းရပ်ကွက်ဖြစ်လို့ အစစ ချို့တဲ့နေတယ်။ လိုအပ်ချက်တွေ အများကြီး ရှိတယ်လို့ သိရပါတယ်။
လက်ရှိ လိုအပ်ချက်ကတော့ - မီးစက် ၁လုံးနဲ့ စာသင်ခုံ အလုံး ၂၀ ပဲ ဖြစ်ပါတယ်။ စာဖတ်သူတွေ ဖတ်မိကြရင် စေတနာရှင်တွေက အလှူဒါန တယောက်တလက် ၀ိုင်းဝန်းကြလိမ့်မယ်လို့ သူတို့တွေ မျှော်လင့်မိတယ်လို့ ပြောပါတယ်။ ပညာဒါနကျောင်းရဲ့ လိပ်စာက ဒီမှာပါ။
အမှတ် ၁၈၊အေ၊ စက်ဆန်းမီးရထားဝင်း၊ ၉  လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ဖုံး - ၉ ၇၃၀၅၇၀၅၅၊ တာဝန်ခံဆရာမ - ဒေါ်စန်းစန်းမြင့်၊ မိငယ်။
ကျောင်းအမည်က ပညာအလင်းရောင် အခမဲ့ပညာဒါနစာသင်ဝိုင်း
အဲသည်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ပညာဒါနစာသင်ဝိုင်းတွေ စာသင်ကျောင်းတွေကို ကျောင်းဆရာတွေ၊ ဆရာမတွေက တနိုင်တပိုင်နဲ့ ဆရာဦးရေ ၁၀ဦးကျော် အဖွဲ့ကလေးတွေနဲ့ ထူထောင်သင်ကြားနေကြဆဲဖြစ်ပါတယ်။ ဆရာ ဆရာမတွေဆိုတာက ကျောင်းဆရာ၊ ဆရာမတွေ၊ အလွတ်သင်ကျောင်းဆရာတွေအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ မိသားစုတွေလည်း ပါဝင်ပါတယ်။
စေတနာရှင်တဦးဖြစ်တဲ့ အန်တီခိုင်က သူ့ရဲ့ ရင်တွင်းကစီးဆင်းလာတဲ့ ကဗျာလေးတပုဒ်ကို မျှဝေပေးလိုက်ပါတယ်။
ရေကြည်တောင် သောက်စရာမရှိတဲ့ မင်းတို့ဆီ
ရေနှောက်တာလဲ မကြောက်
လှေမှောက်မှာလဲ မကြောက်
မင်းတို့တတွေ လမ်းမပျောက်ရအောင်
လုံလောက်တဲ့ ပညာမိုး ရွာသွန်းဖြိုးမယ်ရယ်လို့ …
ဆရာတို့ရဲ့ စေတနာ …
နွေခေါင်ခေါင်ပေမယ့် ရေဘောင်ဘင် ၀ဲဂယက်ထ
ပင်လယ်ဝ မြစ်သုံးဆိုင်
မကြောက်နိုင် သဒ္ဓါကြွ
ဒါနအလှနဲ့ ဆရာတို့တတွေ
ငှက်သမ္ဗာန်နဲ့ လှေငယ်လူး
လှိုင်းမူးပြီးရင်း မူးပါစေ
ကမ်းကူးပြီး ပညာဝေ ကြီးမြတ်လှပေ။      ။

(မိုးမခကနေတဆင့် တနိုင်တပိုင်လှူကြမယ်ဆိုရင် ကြိုဆိုပါတယ်။ ပြီးတော့ အမှတ်တရအဖြစ် မိုးမခက ထုတ်ဝေတဲ့ သန်းဝင်းလှိုင်ရေး သမိုင်းတကွေ့မှ အကျော်ဇေယျအမျိုးသမီးများ စာအုပ် သို့မဟုတ် ဦးဝင်းတင်ရဲ့ စာနယ်ဇင်းဆိုင်ရာ ဆောင်းပါးစုစည်းချက်စာအုပ်ကို လက်ဆောင်ပြန်ပေးပါ့မယ်။ ရန်ကုန်က သင့်ရဲ့ မိသားစုတွေ မိတ်ဆွေတွေကိုလည်း တိုက်ရိုက်အကူအညီင်္တောင်းပြီး ကူညီမှုပြုနိုင်ပါတယ်။)


Ku Mojo - Cartoon

စမ်းရေပမာ သူ့မေတ္တာ
ကာတွန်း - ကူမိုးကြိုး
ဇွန် ၁၊ ၂၀၁၂


News & Media

စာရေးဆရာ သခင်မြသန်း ကွယ်လွန်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနားကျင်းပ
မိုးမခ (ဓာတ်ပုံသတင်း)
ဇွန် ၁၊ ၂၀၁၂



လွန်ခဲ့တဲ့ မေလ ၃၁၊ ၂၀၁၂ (ကြာသာပတေးနေ့) ရက်နေ့က စာရေးဆရာကြီး သခင်မြသန်းရဲ့ ကွယ်လွန်းခြင်း (၃၆) နှစ်ပြည့် အမှတ်တရ အခမ်းအနားကို သင်္ကန်ကျွန်းမြို့နယ်၊ စ/ သုမင်္ဂလာရပ်ကွက်ရှိ မဟာဝိသုတာ ရာမစာသင်တိုက်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို နံနက် (၈း ၀၀) နာရီမှ (၁၁း ၀၀) ထိကျင်းပခဲ့ပြီး အဆိုပါအခမ်အနားသို့ စာရေးဆရာများ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ မိတ် ဆွေများနှင့် အခြားမိတ်သင်္ဂဟများ တက်ရောက်ခဲ့ကြပါတယ်။ ထို့ပြင် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂမှလည်း သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

အခမ်းအနားမှတ်တမ်းဓာတ်ပုံများ


ဦးဝင်းငြိမ်း၊ ဦးမိုးဝင်း၊ မဒုံ နှင့် ဦးစိန်တင်


ဦးအောင်ထိုက်၊ ဦးမြင့်ဟန်၊ မဖြိုးဖြိုးအောင်၊ ကိုဇေယျ၊ ဦးအောင်ခင်၊ ကိုနေဘုန်းလတ်


ကိုမင်းလူ၊ ဖိုးသောကြာ၊ ဦးလေးမြင့်၊ ဦးဝင်းတင်၊ မဒုံ၊ မနှင်းနှင်းမွှေး


အခမ်းအနားတက်ရောက်လာသူများနှင့် ဦးအံ့မောင်


ဒေါ်ခင်ဆွေဦး၊ ဒေါက်တာဇော်မင်း၊ ဦးကြည်ညွှန့်၊ ကိုထွန်းဝင်းငြိမ်း၊ ဒေါက်တာနေ၀င်း၊ ဦးထွန်းအောင်၊ ဦးတင်အောင်

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ သ၀ဏ်လွှာ၊ ဦးစည်သူမြသန်း၊ ဦးထက်မြက်

Guest from Phar Kant - The peace from the different side in Kachin state

 ပြည်သူတို့လိုချင်နေတဲ့ ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆိုတာအတွက် မတူညီသောအမြင်များ
မိုးမခထံပေးစာ (ဖားကန့်ဧည့်သည်)၊ ဇွန် ၁၊ ၂၀၁၂
ယခုတလော ကချင်ပြည်နယ်၌ တိုက်ပွဲတွေ ပိုများလာသည်။ လွန်ခဲ့တဲ့သုံးပတ်လောက်က ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဖားကန့်၊ တာမခန်-စသော ဒေသများသို့ သွားရောက်ခဲ့စဉ်က ဒီလောက် မဆိုးလှသေးဟုဆိုရပေမည်။ မိုးကောင်းမြို့အနီး ရထားကို မိုင်းခွဲတာတို့၊ ၀ိုင်းမော်ဒေသ၌ အစိုးရအရာရှိ လေးယောက် ခေါင်းဖြတ်သတ်ခံရတာတို့၊ တာမခန်မှ အင်းတော်ကြီးသို့ သွားရာလမ်း၌ မိုင်းဗုံးများ ထောင်ထား၍ ခရီးသွားများ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့ရတာ "စသည့်တို့ …" လောက်သာရှိခဲ့သည်။
ယခုအခါ၌မူ ကချင်ပြည်နယ်အတွင်း ခရီးများသွားလို့၊ လာလို့ မကောင်းတော့ပေ။ လူအခွင့်အရေးများ ဆိတ်သုဉ်းနေသော ကချင်ပြည်နယ်ကို လူအခွင့်အရေးများ ရရှိနိုင်အောင် နိုင်ငံတကာမှ ကြိုးစား ဆောင်ရွက်ပေးသင့်သည်။ ဌာနေပြည်သူများ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစိုးရ၊ ပြည်သူများနှင့် ကချင်KIAတို့ အမြင်မတူ ဖြစ်နေသည်မှာ အဓိကအကြောင်း အရင်းဖြစ်နေသည်ကို တွေ့ရသည်။ 
ကချင်ပြည်နယ်၌ နေထိုင်သော လူဦးရေ ၄၀% ခိုင်နှုန်းသည် ကချင်တိုင်းရင်သားများဖြစ်ကြပြီး၊ ကျန် ၆၀% ခိုင်နှုန်းသည် ရှမ်း၊ ကဒူး မြန်မာ တရုပ် စသော အခြားတိုင်းရင်းသား လူမျိုးများဖြစ်ကြသည်။ အနည်းစု ကချင်လူမျိုးများသည် အထူးသဖြင့် လူမျိုးစုခေါင်းဆောင်တို့သည် နိုင်ငံရေးအမြတ်ထုတ်လိုမှု၊ ဘာသာရေး အမြတ်ထုတ်လိုမှု၊ ဒီအကြောင်းနှစ်ခုကို အကြောင်းပြုí ပြည်သူရွေးကောက်ခံ နိုင်ငံတော်အစိုးရအား ပြောက်ကျားစံနစ်ဖြင့် တော်လှန် တိုက်ခိုက်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ ဌာနေ ကချင်တိုင်းရင်းသား လူငယ်များ ပညာမသင်ကြားရခြင်းကြောင့်ဖြစ်သည်။ ကချင်လူမျိုးအများစုသည် မူလတန်းပညာကိုပင် ဟုတ်တိပတ်တိ မသင်ကြရှာပေ။
 ကချင်ပြည်နယ်၌ နေထိုင်ကြသော ဒေသခံပြည်သူ၊ ပြည်သူများ လူနေမှုအဆင့်အတန်းများနှင့် လူ့အခွင့်အရေးများ ရရှိနိုင်ရန် နိုင်ငံတော်အစိုးရမှ စာသင်ကျောင်းများကို ဖွင့်လှစ်ပေးသော်လည်း ကချင်ကလေးငယ်အများစုသည် ကျောင်းတက်ခွင့်များကို မရရှိကြပေ။ စစ်ကြောင်းထောက်လှမ်းပေးခြင်း၊ နိုင်ငံတော်အစိုးရ၏ လှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်းပေးနေသောသူများမှာ ကချင်ကလေးသူငယ်များနှင့် ကချင်အမျိုးသမီးများဖြစ်နေသည်ကို အံသြစွာ တွေ့ရှိနေရသည်။
ပညာမတတ်ရှာကြသဖြင့် အသွင်ကူးပြောင်းရေး ကာလမှာ သူတို့ခံယူချက်များကို မပြောင်းနိုင်အောင်ဖြစ်နေကြသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ လမ်းပြင်ခြင်း၊ လမ်းဖေါက်ခြင်း၊ တံတားဆောက်ခြင်း စသည်တို့ကို ဘယ်လောက်ပဲပြုလုပ်ပေးပေး မလိုလားနိုင်ကြပေ။ အကြမ်းဖက်နည်းသည်သာ သူတို့၏ခံယူချက် အဓိဋ္ဌာန်ဖြစ်နေခဲ့သည်။
စစ်အစိုးရလက်ထက်က KIA တို့နှင့် ငြိမ်းချမ်းရေးယူကာ ဖားကန့်ဒေသရှိ အချို့နယ်ပယ်ဒေသများ၊ လိုင်ဇာကဲ့သို့သော ဒေသများအား KIA နှင် KIO တို့အား ခွဲဝေပေးလျှက် သူတို့ရဲ့ အုပ်ချုပ်နယ်မြေအဖြေစ် ညှိနှိုင်းပေးအပ်ခဲ့သည်။ နာမည်ကျော် နမ္မတီးသကြားစက်ကြီးးကိုပင် KIA နှင့်ကချင်လူမျိုးတို့အား လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် လက်နက်ဖြင့်သာ လုပ်ကိုင်စားသောက်တတ်သော ကချင်လူမျိုးတို့ လက်ထက်ဝယ် သကြားစက်ရုံကြီး အလည်ရပ်ခဲ့ရသည်။ ယခုအချိန်အထိ ထိုနမ္မတီးသကြားစက်ရုံကြီးသည် ကချင် KIA တို့ ပိုင်ဆိုင်ထားဆဲဖြစ်သည်။
 
ကချင်ပြည်နယ်နေ KIA တို့သသည် ကချင်ပြည်နယ်ကို သူတို့ပိုင်နယ်မြေဟု သတ်မှတ်ပြောဆို ယူဆနေဆဲဖြစ်သည်။ ကချင်လူမျိုးမှန်သမျှ KIA စစ်သားများသာ ဖြစ်ရမည်ဟု ကြွေးကြော်နေဆဲဖြစ်သည်။ ကလေးသူငယ်များ၏ လူ့အခွင့်အရေးများကို သူတို့ နားလည်ဟန်မတူပေ။ ကချင်ပြည်နယ်၌ ထွက်ရှိသမျှ မြေပေါ် မြေအောက် သယံဇာတများသည် သူတို့သာ ပိုင်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ဆောက်လုပ်ထားသော မြစ်ကူး၊ ချောင်းကူး၊ မြောင်းကူး အလျားပေ ပေနှစ်ဆယ်အထက်၌ရှိသော တံတားမှန်သမျှ မိုင်းဗုံးမခွဲခံရသောတံတားကား မရှိသလောက်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း လမ်းပမ်း ဆက်သွယ်ရေးများ ကောင်းမွန်နေခြင်းသည် သူတို့အတွက် အန္တရယ်ရှိသည်ဟု  အမြင်ရှိနေဆဲဖြစ်သည်။  အမှန်တကယ်မူ ကချင်ပြည်နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည်။
ကချင် KIA တို့သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြသော ပြည်သူများထံမှ ဆက်ကြေးများကို တောရွာများမှသည် မြို့ပြနေပြည်သူများအထိ ဆက်ကြေးများကို (ယခင်အခါများက တနှစ်မှာတစ်ခါ ကောက်ခံသော်လည်း ယခုအခါ ငါးကြိမ်မှဆယ်ချိန်အထိရှိလာသည်) ကောက်ခံနေဆဲဖြစ်သည်။ ဆက်ကြေးမပေးနိုင်လျှင် သို့မဟုတ် ဆက်ကြေးမဆပ်လိုသော ပြည်သူတို့အတွက် သွားရားလမ်းတစ်လမ်းကိုသာ ဖွင့်ထားပေးခဲ့သည်။ ထိုလမ်းမှာ သေမင်းတမန်လမ်းဖြစ်သည်။ လူ့အခွင့်အရေးများ ပျောက်ဆုံးနေသော ကချင်ပြည်နယ်ကို ကမ္ဘာ့ပြည်သူများ သိနိုင်မည်မဟုတ်ပါ။  

       ကချင်တိုင်းရင်းသားများအပါအ၀င် ရှမ်း၊ ကဒူး၊ ဂဏန်း၊ မြန်မာ၊ တရုပ် စသော ပြည်သူတို့အား ထိုလက်နက်များဖြင့် ခြိမ်းချောက်နေပြီး၊ လူ့အခွင့်ရေများကို ဆက်လက်ချိုးဖေါက်နေသမျှကာလ ပတ်လုံး ကချင်ပြည်နယ် ငြိမ်းချမ်းရေးရောင်ခြည်သည် ပျောက်ဆုံးမြဲ၊ ပျောက်ဆုံးနေဦးမည်သာ ဖြစ်သည်။ 

Saw Ngo - Burmese Refugees in Globalization

ကာတွန်းစောငို - မြန်မာ့ဒုက္ခသည်အများ ကမ္ဘာကိုလွှမ်းစေရမည် … ဆိုလား
ဇွန် ၁၊ ၂၀၁၂

Tu Maung Nyo - for those with too much worries for too little things


“မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း”
လို့ ဆိုသူများအတွက်  သောကဗေဒ
တူမောင်ညို ။ ဇွန် ၁ ၊၂၀၁၂
 ဆန္ဒပြမှုများနှင့်ပတ်သက်၍ အောက်ပါအချက် ၂ ချက်ကိုသာမူတည်ပြီး ကျနော့်သဘောထားအမြင်များကိုတင်ပြပါမည်။

            ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်၏ တုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး
            ၂။ ဆန္ဒပြမှုများနှင့်ပတ်သက်၍ “စိုးရိမ်မှု” သောကဗေဒ

            ဤ ကိစ္စများနှင့်ပတ်သက်၍  ယခုကဲ့သို့ရေးသားတင်ပြရန် ရည်ရွယ်ရင်းမရှိခဲ့ပါ။ အချိန်ကာလတစ်ခု အထိစောင့်ကြည့် လေ့လာနေမည်ဟုသာသဘောထားခဲ့ပါသည်။ သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီး ကိုယ်တိုင်ပွဲထွက်လာ ခဲ့ပြီဖြစ်သဖြင့်ယခုကဲ့သို့ ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
            ဆန္ဒပြမှုများဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော၊ ဆက်လက်ဖြစ်ပေါ်လာလျက်ရှိနေသော စက်မှုဇုံများမှ အလုပ်သမားများ၏ ဆန္ဒပြမှုများနှင့် ၂၄ နာရီ လျှပ်စစ်မီပုံမှန်ရရှိရေးဆန္ဒပြပွဲများကို ဆိုလိုပါသည်။
 
            ၁။ ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်ကတုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး
            တကယ်တော့ ဆန္ဒပြမှုများကို မတတ်သာ၍သာ ယခုကဲ့သို့ “လွှတ်” ပေးထားရသည့်သဘောဖြစ်ပါသည်။ “ဖြစ်သင့်ဖြစ်ထိုက် သောကိစ္စမဟုတ်”ဟု အုပ်စိုးသူအစိုးရကကြည့်မြင်သည်။ “မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေးဆောင်ရွက်ခြင်း” ဟု မြင်သည်။
ဤအမြင်မှာ အုပ်စိုးသူအစိုးရများ၏ အရိုးစွဲနေသော၊ တစ်ဖက်သတ်ကျသောအမြင်သာဖြစ်သည်။ ဆန္ဒပြမှုများသည် ပေါ်ချင် ၍ပေါ်လာသည့်ကိစ္စမဟုတ်။ လိုအပ်မှုအကြောင်း တရား တစ်ခု(သို့မဟုတ်)အများကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက်မျှသာဖြစ်သည်။
အရင်းခံမူလအကြောင်းတရားသည် လစာလုပ်ခနည်းပါးခြင်း၊ အလုပ်ခွင်သာယာမှုမရှိခြင်းနှင့်လျှပ်စစ်မီးပုံမှန်မလာခြင်း စသည် တို့ ဖြစ်သည်။ ယင်းအချက်များကို ဆန္ဒပြနေသော အလုပ်သမားများ ပြည်သူများဖန်တီးခြင်းလည်းမဟုတ်။ ယင်း အကြောင်းအချက်များ သည် အလုပ်သမားများပြည်သူများ၏ နေ့စဉ်နေထိုင်မှုဘဝကို  ဆက်တိုက်ထိခိုက်လာကြရသဖြင့် ထိုသို့ ထိခိုက်ခံစားမှုများ၊ မတော် မတရားမှုများကိုဖြေရှင်းပေးရန် ငြိမ်းချမ်းစွာ တောင်းဆိုလိုက်ကြခြင်း သာလျှင်ဖြစ်သည်။ သို့ဖြင့်ယနေ့ဖြစ်ပေါ်နေသော ဆန္ဒပြမှု များ ပေါ် ပေါက်လာခြင်းဖြစ်ပါသည်။
တစ်ဖက်က “နိုင်ငံတော်သည် ဒီမိုကရေစီအသွင်ဏ္ဍာန်ကူးပြောင်းကာစ နုနယ်သေးသောကာလတွင် လိုအပ်ချက်များမပြည့်စုံ မှုများရှိနေဦးမည်”ဟုအပျော့ဆွဲနှပ်ကြောင်းပြောကြားနေသော်လည်း အခြားတစ်ဖက်တွင် အကြမ်းဖက်နေသည်၊ ခြိမ်းခြောက်နေသည်။
            သို့အတွက် ဆန္ဒပြမှုများအပေါ် အာဏာပိုင်အဆင့်ဆင့်က တုန့်ပြန်ကိုင်တွယ်ပုံအမျိုးမျိုး (ချော့နည်း/ခြောက်နည်း၊ အနု/ အကြမ်း စသဖြင့်) ရှိနေမည်ဖြစ်သော်လည်း အဓိကရည်ရွယ်ချက်မှာ တစ်မျိုးတည်းသာဖြစ်ပါသည်။ ယင်းမှာ ဆန္ဒပြလှုပ်ရှားမှန်သမျှ ရပ်ဆိုင်းသွားရန်နှင့် ချေမှုန်းပစ်ရန်သာဖြစ်သည်။
            မန္တလေးမြို့တွင် ဆန္ဒပြပွဲတွင်ပါဝင်သူများကို ထောက်လှမ်ရေးက ဓါတ်ပုံရိုက်ယူထားပြီး၊ ဓါတ်ပုံထဲပါသည့်  လူများကိုခေါ်ယူ စစ်ဆေးမေးမြန်းသည်။ အမှန်တော့ခြိမ်းခြောက်ခြင်းဖြစ်သည်။
            ရန်ကုန်တွင် ရဲမှူးက အမိန့်စာပေးပြီး ချောက်သည်။
            ပုသိမ်မြို့တွင်လည်း ခရိုင်ရဲမှူးက ခေါ်ယူစစ်မေးသည်။
ပြည်မြို့တွင် ဆန္ဒပြနေသူများကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပြီး ပြည်မြို့အကျဉ်းထောင်တွင်းတွင် နာရီအတန်ကြာ ချုပ်နှောင်ထားသည်။ ကံ့ဖွံ့ပါတီ အမတ် ၄ ဦးက အာမခံဖြင့်လွှတ်ပေးလိုက်သည်မှာ တကယ်တော့ နိုင်ငံရေးအမြတ်ထုတ်ခြင်းဖြစ် သည်၊ တကယ်တော့ ဆန္ဒပြသူများက အကျဉ်းထောင်ရှေ့တွင်စုစည်းလာသဖြင့် ပြန်လွှတ်ပေးရခြင်း ဖြစ်သည်။  
            သူတို့ အဓိကစစ်မေးသည်မှာ ဆန္ဒပြမှုနောက်ကွယ်တွင်ဘယ်သူရှိသလဲ၊ ဘယ်ပါတီပါဝင်သလဲ။ ခေါင်းဆောင်ဘယ်သူလဲ ဆိုတဲ့အချက်ကို စစ်မေးသည်။
             အုပ်စိုးသူအစိုးရများသည် သူတို့၏အကြမ်းဖက်ဖိနှိပ်အုပ်စိုးမှု၊ သူတို့ပေါ်လစီမှားယွင်းမှု၊ သူတို့ချို့ယွင်းချက်၊ လစ်ဟာချက်ကို ဘယ်တော့မှ ပြန်လည်းဆန်းစစ်သည်မရှိချေ။
အခွင့်အရေးတောင်းဆိုမှု၊ ဆန္ဒပြမှု၊ သပိတ်မှောက်မှုဆိုသည်မှာ အုပ်စိုးသူအစိုးရများ၏ အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှု၊  သူတို့ ပေါ်လစီမှားယွင်းမှု၊ သူတို့ချို့ယွင်းချက်၊ လစ်ဟာချက်များကိုအကြောင်းပြု၍ သဘာဝကျကျပေါက်ကွဲပေါ်ထွက်လာရသည့် အကျိုးဆက် ရလဒ်များသာဖြစ်သည်။ ယင်းဖြစ်ရပ်များ(အခွင့်အရေးတောင်းဆိုမှု/ဆန္ဒပြမှု/သပိတ်မှောက်မှု) ကိုသာ ရမယ်ရှာကြသည်။ ယိုးမယ်ဖွဲ့ကြ သည်။ တရားခံရှာကြစမြဲဖြစ်သည်။ ဤသည်မှာ အုပ်စိုးသူအစိုးရများ၏ သဘာဝဖြစ်သည်။ 
            နောက်ဆုံးပေါ်ပေါက်လာသည့် တုန့်ပြန်ကိုင်တွယ်မှုက  ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများကို ဆင့်ခေါ်ပြီး “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ”၊  “ရွေးကောက်ပွဲကော်မရှင်ဥပဒေ” များဖြင့် “ဝမ်နိန်”ပေးခြင်းဖြစ်သည်။  “လက်ချာ” ရိုက်ခြင်းဖြစ်သည်။
            နိုင်ငံရေးပါတီဆိုသည်မှာ လူထုနှင့်အစိုးရကြား၊ အလုပ်သမားနှင့်အလုပ်ရှင်ကြားက ပွဲစားမဟုတ်သလို အကျိုးဆောင်လည်း မဟုတ်ချေ။ လူထုဘက်ကရပ်တည်ပြီး လူထုလိုအပ်ချက်၊ နစ်နာချက်တွေကို ကိုင်စွဲပြီး လူထုရှေ့က အရေးဆိုမည့်သူ၊ တိုက်ပွဲဝင်ရမည့် သူသာဖြစ်သည်။
            ယင်းအလုပ်ကိုနိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများမလုပ်တော့လျှင် ၊မလုပ်နိုင်ကြတော့လျှင်  နိုင်ငံရေးပါတီဘဝ၊ နိုင်ငံရေး သမားဘဝက လျောကျခြင်းပင်ဖြစ်သည်။
            ဦးတင်အေးက နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများအတွင်းရေးမှူးများကိုဆင့်ခေါ်၍ “နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင် ရွက်စေရန် ကြီးကြပ်ခြင်း၊ ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း ” ဆိုသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၈ (ဋ) နှင့်အညီ “လက်ချာ” ပေးနေခြင်းဖြစ်သည်။
            “စစ်တပ်”က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်ဦးဆောင်နေသကဲ့သို့ “ရွေးကောက်ပွဲ ကော်မရှင်”  က လည်း နိုင်ငံရေးပါတီများကို ကြီးကြပ်လမ်းညွန်နေခြင်းဖြစ်သည်။
 ဤသည်မှာ ယနေ့ဥပဒေတွင်းပါတီများ၊ မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများ၏ ဘဝသရုပ်မှန်တစ်ကွက်ပင်ဖြစ်သည်။
            ဆန္ဒပြမှုများစတင်ဖြစ်ပွားစဉ်ကာလက ဆန္ဒပြမှုများနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အသံ နှင့်လှုပ်ရှားစိုးစဉ်းမျှ မကြားရမမြင်ရခဲ့ပါ။ များမကြာမီကာလမှသာကြားလာရခြင်းဖြစ်ပြီး “တရားဥပဒေနဲ့အညီလုပ်ကြပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါ” ဆိုသည့် “စတိ” သဘောပြောသည်ကိုသာကြားရပါသည်။ ရရှိထားသည့် “ပိစိကွေးအခွင့်အရေးကလေးတွေ ” ပွန်းသွား၊ ပဲ့သွားမည်ကို စိုးရိမ်၍လားမသိပါ။
            နိုင်ငံရေးပါတီများအနေဖြင့် ကော်မရှင်ဥက္ကဋ္ဌကြီး လမ်းညွန်နေသကဲ့သို့ “လူထုနှင့်အစိုးရအကြား၊ အလုပ်သမားနှင့် အလုပ် ရှင်အကြားအကျိုးဆောင်အလုပ်၊ ပွဲစားအလုပ်” လုပ်မည်လော။
            “အကျိုးဆောင်” ဆိုသည့်စကားလုံးမှာ ယနေ့တွင်ကျယ်နေသောစကားလုံးဖြစ်သည်။ (နဝတ-နအဖ) စစ်အစိုးရခေတ်တွင် “အိမ်ခြံမြေအကျိုးဆောင်” ၊ “ငြိမ်းချမ်းရေးအကျိုးဆောင်” စသဖြင့် ဟိုဟာကိစ္စမှအစ- အိမ်ခြံမြေရောင်းဝယ်ရေးကိစ္စများ အလယ် - အပစ်အခတ်ရပ်သည့်ကိစ္စအဆုံး “အကျိုးဆောင်” ဆိုသည့် စကားလုံးသည် လူသုံးများလှသည်၊ တွင်ကျယ်လှသည်။ ယနေ့အထိလည်း ရေပန်းစားကာ ခုံခုံမင်မင်သုံးစွဲနေကြဆဲဖြစ်သည်။
“အကျိုးဆောင်” ဆိုသည့်စကားလုံး၏ အလုပ်သဘောနှင့် အနှစ်သာရမှာ  တစ်ခေတ်တစ်ခါက လူသုံးများခဲ့သော၊  တွင်ကျယ်ခဲ့ဖူးသော “ပွဲစား” ဆိုသည့်စကားလုံးနှင့်ကြောင်းတူသံကွဲဖြစ်သည်။
            “အကျိုးဆောင်” ဆိုသည့် စကားလုံး၏ မူလအနက်အဓိပ္ပါယ်သည် လှပနှစ်လိုဖွယ်ကောင်းပါသည်။
 သို့သော်လည်း “အကျိုးဆောင်” ဆိုသည့်စကားလုံးသည် စစ်အာဏာရှင်စနစ်ခေတ်ကာလအောက်တွင် အမည်အမျိုးမျိုးဖြင့် နေရာဒေသအဖုံဖုံတွင် ကျင်လည်ကျက်စားရသော “ဟိုဟာမလေး”သဖွယ် နှစ်လိုဖွယ်မူလနဂိုရည်ပျက်ပြားခဲ့ရသော ဝေါဟာရတစ်ခု ဖြစ် ပါသည်။
တကယ်တော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီများကို “ကြီးကြပ်လမ်းညွန်”မှုများသည် နိုင်ငံရေးပါတီများ၏ မူလသဘာဝ၊ ရည်မှန်းချက်နှင့်ဦးတည်ချက်များ ကပြောင်းကပြန်ဖြစ်စေရန်သာဖြစ်သည်။ နိုင်ငံရေးပါတီဘဝမှ လျော့ချနေခြင်းသာဖြစ် သည်။
 
            ၂။ ဆန္ဒပြမှုများနှင့်ပတ်သက်၍ “စိုးရိမ်မှု” သောကဗေဒ
“စိုးရိမ်သည်”ဆိုသောအသံသည်ပြည်တွင်းကရောပြည်ပကပါ ထွက်ပေါ်လာသည့်အသံဖြစ်ပါသည်။
ဆန္ဒပြနေကြသည့် ပြည်သူများ၊ အလုပ်သမားများအတွက်စိုးရိမ်ခြင်း(လုံးဝ) မဟုတ်ပါ။
သမ္မတဦးသိန်းစိန်အစိုးရ “နောက်ကြောင်းပြန်လှည့်သွားမှာကို စိုးရိမ်ခြင်း” ဖြစ်ပါသည်။ ဤသို့ “စိုးရိမ်” နေကြသည့် ပြည်တွင်း ပြည်ပပုဂ္ဂိုလ်များကို ကျနော်သနားသည်။  ပြီးတော့ သူတို့၏ “စိုးရိမ်မှုသောကဗေဒ” ကို ကျနော်ရယ်ချင်ပါသည်။
“နောက်ကြောင်းပြန်လှည့်သွားမှာကိုစိုးရိမ်ခြင်း”ဆိုသည်မှာ စစ်တပ်ကပြန်လည် အာဏာသိမ်းမှာနှင့် စစ်အုပ်ချုပ်ရေး အောက် ပြန်လည်ကျရောက်သွားမှာကိုစိုးရိမ်ခြင်းဖြစ်ပါသည်။

“နောက်ကြောင်းပြန်လှည့်သွားမှာကိုစိုးရိမ်ခြင်း”နှင့်ပတ်သက်၍ သမိုင်းရှုဒေါင့်၊ ဥပဒေရှုဒေါင့်များအရ လေ့လာကြည့်ကြပါစို့။

သမိုင်းရှုဒေါင့်
            “ပါလီမန်ဒီမိုကရေစီစနစ်”ကို (ဗိုလ်နေဝင်း) စစ်အုပ်စုက (၁၉၆၂ မတ်) အာဏာသိမ်းပြီး၊ ဖျက်သိမ်းပစ်ခဲ့တာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၄၇)ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။
             ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ  ကျင့်သုံးခဲ့ဖူးသော “ပါလီမန်ဒီမိုကရေစီစနစ်”နှင့် တစ်ထပ်တည်း မတူညီသော်လည်း ယခု တကျော့ပြန်“ပါလီမန်ဒီမိုကရေစီစနစ်”ကို (ဗိုလ်သန်းရွှေ)စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲအတည်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဖြင့်လွှမ်းမိုးချုပ်ကိုင်ပုံဖေါ်နေသည်။“ပါလီမန်ဒီမိုကရေစီစနစ်”ဟုအမည်မတတ်ပါ။ “စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်” ဟူသည့် ကုန်အမှတ်တံဆိပ် (Brand)သစ်ကပ်ထားပါသည်။
            ဤအချင်းအရာသည် “နောက်ကြောင်းပြန်လှည့်သွားခြင်း” တမျိုးပင် မဟုတ်သလော။ ဥပဒေရှုဒေါင့် ကတဖန်ကြည့်ကြပါဦးစို့။

ဥပဒေရှုဒေါင့်
            စစ်တပ်ကပြန်လည်အာဏာသိမ်းမှာ၊ စစ်အုပ်ချုပ်ရေး အောက်ပြန်လည်ကျရောက်သွားမှာကိုမိတ်ဆွေတို့မစိုးရိမ်ကြကုန်လင့်။
            စစ်အုပ်စုသည် မိတ်ဆွေတို့၏ ပူပင်သောက၊ ရတက်မအေး စိုးရိမ်ကြရသည့်ကိစ္စကို ကြိုတင်စဉ်းစားမြော်မြင်လျက် ပုဒ်မ (၄၁၈) (၄၁၉) (၄၂၀) တို့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တရားဝင်အာဏာသိမ်းယူနိုင်ရန်  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင်ထည့်သွင်းရေးသားပြဋ္ဌာန်ထားပြီးဖြစ်ပါသည်။
 ကိုင်း - သင်တို့ ဘာကို၊ ဘာကြောင့်စိုးရိမ်နေကြဦးမည်နည်း။
ပြည်သူများ၊ အလုပ်သမားများ၊ လယ်သမားများ၏ အခွင့်အရေးတောင်းဆိုမှုများ၊ ဆန္ဒပြမှုများမှာ  သင်တို့ စိုးရိမ်သည်ဖြစ်စေ၊ မစိုးရိမ် သည်ဖြစ်စေ ဆက်လက်ပေါက်ကွဲပေါ်ထွက်နေမည်သာဖြစ်သည်။
“မဖြစ်နိုင်သေးသည်များကို ဆန္ဒစော အတင်းတွန်းအားပေး ဆောင်ရွက်ခြင်း” ဟုဆိုချင်လည်းဆိုကြပေတော့။


ညွန်း
-       မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ ခုနှစ်၊ မေ ၃၀ ရက်။
-       ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) 
(Photos - Yangon Press International)



               
               



Wednesday, May 30, 2012

Po Htet - Don't touch Daw Suu ...


ဒေါ်စုကိုထိရင် မကြိုက်ဘူးတဲ့လား …
ဖိုးထက်၊ မေ ၃၁၊ ၂၀၁၂
အက်ဆေး (Essay) ကို ဆရာကြီးများက အစမ်းစာ၊ စာတမ်းငယ် စသည်ဖြင့် ဘာသာပြန်ကြသည်။ ထိုအထဲကမှ ရင်တွင်းစာဟု ဘာသာပြန်သည်ကို သဘောအတွေ့ဆုံးဖြစ်သည်။ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ သီချင်းတစ်ပုဒ်၊ ပန်းချီးကားတစ်ချပ် ရေးဖို့ ရင်ဘတ်အတွင်းက ခံစားမှုတစ်ခု လိုအပ်သည် မဟုတ်လား။ ဖြတ်ခနဲ့၊ ရှပ်ခနဲ့ တွေ့လို့ ကြုံလိုက်ရလို့ အူလှိုက်၊ သဲလှိုက် ခံစားလိုက်ရသော စိတ်ခံစားမှု တစ်ခုကို ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ် ချရေးထားမိတာ ကျနော့် အပြစ်လို့ ဆိုချင်လဲ ဆိုကြပါစေတော့။ အက်ဆေးရေးခြင်း အတတ်ပညာမှာ ဆရာကြီး မြသန်းတင့်၊ ဆရာကြီး နေ၀င်းမြင့် တို့ ခြေဖ၀ါးအောက်က ခြေမှုန်လောက်တောင် တန်ဖိုးရှိအောင် မရေးတတ်မှန်းသိပေမယ့် ရေးချင်တာကိုတော့ မတားနဲ့တော့လို့ တောင်းပန်ချင်ပါတယ်။
         ပြီးတော့ ကျနော် ရေးသမျှ၊ ခံစားသမျှ၊ လျှာရှည်သမျှ မိုးမခမှ ဆရာများက မငြီးမငြူစူ၊ မပြင်မဆင်(စားလုံးပေါင်းတွေ မှားနေရင်တောင် နင့်တာဝန် နင်ယူစနစ်ဖြင့်)၊ မဖြတ်မတောက် တင်ပေးကြပါသည်။ ကျေးဇူးအလွန်တင်သလို အားတက်မိတာလဲ မရှက်တမ်းဝန်ခံချင်သည်။  ကျနော်ရေးတဲ့ အက်ဆေး၊ ဆောင်းပါး၊ တောင်မရောက် မြောက်မရောက်စာများကို ခရီးသွားဟန်လွှဲ ခလုတ်တိုက်မိပြီး ဖတ်မိသွားသော စာဖတ်သူများကိုတော့ အယူအဆတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဆဲသည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ ပိုလို့တောင် ကျေးဇူးတင်ပါသည်။
         စာရေးသူ နှင့် စာဖတ်သူ ဆိုသည့် နှစ်ဦး နှစ်ဘက်တွင် စာရေးသူဘက်မှလဲ မိမိရေးချင်တာ ရေးလိုက်သလို စာဖတ်သူဘက်ကလဲ အပြည့်အ၀ ဝေဖန်ပိုင်ခွင့်၊ ပိုင်းခြား ဆုံးဖြတ်ပိုင်ခွင့် အပြည့်ရှိသည် မဟုတ်လား။ မရင့်ကျက်နိုင်သေးသော လူသာမန်တစ်ယောက်အနေဖြင့် ရေးသော စာများကို ချီးကျူးထောပနာ ပြုသူများ၊ မြှောက်ထိုး ပင့်ကော် လက်ခုပ်ဝင်တီးပေးသွားသော သူများကြောင့် အားတက်ရသလို အမှိုက်တွေ၊ ဘာတွေရေးမှန်းမသိ ဆိုပြီး ဆဲသွားကြသော စာဖတ်သူများကြောင့်လဲ စိတ်အားငယ်မိတာကိုလဲ ၀န်ခံပါသည်။ မည်သို့ပင်ဖြစ်စေ ကျနော့်စာကို ဖတ်ပြီဆိုတာနဲ့ကို ကျနော့်အပေါ်မှာ ပြောချင်တာပြော၊ မှတ်ချက် ကြိုက်သလို ပေးပိုင်ခွင့် ရှိကြပါသည်။
         ထိုသို့ မှတ်ချက်ပေးသူများထဲမှ စာဖတ်သူတစ်ယောက်က ကျနော့်ကို “ဒေါ်စုကို ထိရင် မရဘူး ဆိုတဲ့ စိတ်ကလေးကို ဆင်ခြင်ပါ..ကိုဖိုးထက်” ဆိုသည့် မှတ်ချက်လေးကြောင့် ဆပွားတွေးမိသည်။ ကျနော် တစ်ကယ်ဘဲ ဒေါ်စုကို ထိရင် မခံနိုင်ဘူးဖြစ်နေသလား။ ကျနော်ရေးတဲ့ စာတွေထဲမှာ ဒေါ်စုကို ထိရင် မရဘူးကွဆိုသည့် ရန်စွယ်ငေါငေါ၊ ပုဆိုး စွန်တောင်စွဲ ရန်များ လုပ်မိနေသလား။ ဖြစ်နိုင်ပါသည်။ ကျနော်က သာမန်ပြည်သူလူထုကြီးထဲက လူသာမန်တစ်ယောက်သာ ဖြစ်ပါသည်။ ကျနော်တို့ရဲ့ လူထုခေါင်ဆောင် ဒေါ်စုကို ဝေဖန်တိုက်ခိုက်တာ တွေ့ရလျှင် သဘောမကျချင်တာတော့ ၀န်ခံပါသည်။
         ဒါဆိုလျှင် ဒေါ်စုပြိုင်ဘက်တွေကို တိုက်ခိုက်တာကော အားပေးမိနေသလားဟု ကျနော့်ကို ကျနော် ပြန်မေးမိသည်။ ဒါတော့ မဟုတ်။ အလုံးစုံမှားသည်။ ဒေါ်စုကို အောက်တန်းခပ်ကျကျ၊ မိဘဆိုဆုံးမမှု အားနည်းသဖြင့် ယုတ်ယုတ်မာမာ မကြားဝံ့မနာသာ စကားများဖြင့် တိုက်ခိုက်နေတာတွေ တွေ့ရလျှင်တောင် ကျနော့်စိတ်မှာ သူတို့အတွက် စိတ်မကောင်းဖြစ်ရုံကလွဲလို့ တုံ့ပြန်ချင်စိတ် အလျှင်းမရှိ။ ထို့အတူ နိုင်ငံနှင့် လူမျိုးကို အောက်တန်းကျအောင် လုပ်ပစ်ခဲ့ကြသော၊ လုပ်နေကြသော လူများကို မချစ်နိုင်ပေမယ့် သာမန်စကားလုံးတွေဖြင့်သာ ဝေဖန်၊ ရှုံ့ချ မိသည်။ အင်တာနက်ပေါ်မှာ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိ အခြေအနေပေမယ့် ကိုယ့်လိပ်ပြာကိုတော့ ကိုယ်လုံခြုံချင်သည်။ နိုင်ငံအတွက် လူဆိုး၊ သူခိုးများကို ဖရုဿဝါစာစကားများဖြင့် ဆဲနေသော ပြည်သူ၊ ပြည်သားများကို တားလို့မရပေမယ့် ဆန့်ကျင်ပါသည်။ နိုင်ငံအကျိုး၊ လူမျိုး အကျိုးအတွက် လူကြီးလူကောင်းဆန်ဆန် ပြောနေ၊ အလုပ် လုပ်နေကြသော သူများကိုတော့ စစ်တပ်ကဖြစ်စေ၊ ငရဲပြည်ကဖြစ်စေ၊ နတ်ပြည်က လာပစေ ကျနော်က စိတ်အားဖြင့် အားပေးသည်။ လူအားဖြင့် နောက်လိုက် ဖြစ်သည်။
         ကျနော်တစ်ဦးတည်း ခံစားမှုအရ အမှန်အတိုင်း ရိုးသားစွာဝန်ခံရလျှင် လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေကို မကြိုက်ပါ။ ဒေါ်စု ဗဟိုပြု၊ ဦးသိန်းစိန်ဗဟိုပြု နိုင်ငံပြုပြင်ပြောင်းလဲရေးကို မကြိုက်။ ကျနော်လိုချင်သည်က Utopia နိုင်ငံတော်။ နိုင်ငံသားအချင်းချင်း တိုက်ခိုက်မနေကြဘဲ ငြိမ်းချမ်းသာယာသည့် ပြီးပြည့်စုံသော မြန်မာနိုင်ငံတော်။ လောဘ၊ ဒေါသ၊ မောဟ များ၏ သားကောင် လူတွေကြားထဲမှာ လက်တွေ့နှင့် အလှမ်းဝေးတာကိုလဲ သိပါသည်။
         မြန်မာနိုင်ငံတော်ကြီး အောက်ကျ နောက်ကျ ဘယ်လောက်နိုင်တယ်ဆိုတာကို လူတိုင်း သိကြပါသည်။ အရင်အစိုးရလူတွေက စီးပွားရေး ပိတ်ဆို့မှုကြောင့်။ ကျနော်တို့ ပြည်သူတွေက ချစားသော အစိုးရ၊ စီမံခန့်ခွဲမှု ညံ့ဖျဉ်းသော အစိုးရကြောင့်။ ကြိုက်သလောက် လေကုန်၊ လက်ညောင်းအောင် အငြင်းပွားနိုင်ကြပါသည်။ သို့သော် အဖြစ်မှန်ကတော့ တန်းတူညီမျှမှုမရှိ၊ အခွင့်ထူးခံလူတန်းစား၊ ပေါင်းစား၊ ချစားနေကြသော ခရိုနီကြီးများ၊ လိုတစ်မျိုး၊ မလိုတစ်မျိုး သားရေကွင်း တရားဥပဒေတွေကြောင့်ဘဲ ဖြစ်သည်။
         နိုင်ငံအတွက် ပြုပြင်ပြောင်းလဲချင်ကြသော လူများတွင် ဒေါ်စုနှင့် ဦးသိန်းစိန်သည် အခရာအကျဆုံးဆိုတာ ကျနော်တို့ အားလုံးသိကြသည်။ ဒေါ်စုဘက်ကလဲ ပြည်သူ၊ ပြည်သားများကို နိုင်ငံရေး မျက်စိပွင့်ဖို့ အစွမ်းကုန် ကြိုးစားပြီး အစိုးရကို တည့်မတ်ဖို့ ကြိုးစားသည်။ ဦးသိန်းစိန်ကြီး ဘက်ကလဲ လုပ်ဖော်ကိုင်ဖက် လူကြီးများကို အကာအကွယ်ပေးရင်း၊ သိက္ခာရှိဖို့ ကြိုစားရင်း နိုင်ငံကို ပြင်ဖို့ ကြိုးစားနေသည်ဟုဘဲ ရိုးရိုးသားသားမြင်ပါသည်။ “ဇာတ်တိုက်ထားတဲ့ အကွက်တွေပါကွာ” ဟု ခံရတာများလို့ မယုံမကြည်ဖြစ်နေကြသော လူများကို အပြစ်မဆိုပေမယ့် ကျနော်ကတော့ ရှဉ့်လဲ လျှောက်သာ ပျားလဲစွဲသာ လမ်းကို လျှောက်လှမ်းနေတယ်လို့ဘဲ မြင်ပါသည်။
         မပွင့်မလင်းဖြင့် နိုင်ငံပိုင် သံယံဇာတ၊ လုပ်ပိုင်ခွင့်များကို မိမိဘိုးဘွားပိုင်ပစ္စည်းလို သဘောထားခဲ့ကြသော အစိုးရအောက်မှာ ဖြတ်သန်းခဲ့ကြရသော ကျနော်တို့အတွက် ဒေါ်စုပြောသော သာမန်စကားလုံး တစ်ခုသည်ပင် အားရ၊ပါးရ ကျေနပ်စရာ စကားလုံးများပင်ဖြစ်သည်။ ဒေါ်စုက တွေးခေါ်မြှော်မြင်မှု အများကြီး မသုံးလိုက်ရဘဲ ပြောလိုက်သော စကားလုံးလေး တစ်လုံးကို နင်းပြား ကျနော်တို့က ကြက်သီးထလောက်အောင် အားပေးမိကြတာ အပြစ်လို့ မမြင်ကြစေလိုပါ။
         လက်ရှိ နိုင်ငံအနေအထားက လူဟောင်းများ ဖောက်နေသော လမ်းကြီးပေါ်မှာ လူဟောင်းတွေ ခေါင်းဆောင်ရာနောက်သို့ လိုက်နေရဆဲဖြစ်သည်။ နိုင်ငံကို မျက်လှည့်ပြသလို အုံဖွ၊ အပ်ချလောင်းဆိုပြီး တိုးတက်အောင် သိကြားမင်းကြီး လာလုပ်ပေးရင်တောင် မဖြစ်နိုင်သော နိုင်ငံအနေအထား။ လုပ်စရာ အလုပ်တွေက တစ်ပုံတစ်ခေါင်း။ ဆယ်စုနှစ်ပေါင်းများစွာ ပြင်ယူရအုံးမည့် ပညာရေး၊ စိတ်နေ၊ စိတ်ထား။ သူများ နိုင်ငံ၊ လူမျိုးတွေ ဘယ်လိုဆိုတာ သိနေကြသော ကျနော်တို့အတွက် ပါးစပ်ပြောတွေနဲ့ဘဲ အချိန်ကုန်နေတာကို အားမရတာ အပြစ်လို့ မတင်ကြစတမ်းပေါ့ဗျာ။
         ဒေါ်စု (lady first သဘောအရ ရှေ့က ရေးပါသည်)၊ ဦးသိန်းစိန် တို့ အသက်တွေ ပြန်ကြည့်တော့ ၆၀ ကို အတော်ကျော်ကြပြီ။ ကျန်းမာရေး ဒေါင်ဒေါင်မြည်တွေ မဟုတ်ကြ။ မပြောကောင်း မဆိုကောင်း ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် တစ်ခုခု ဖြစ်သွားကြပါပြီတဲ့။ အောက်တန်းကျနေသော ရွှေပြည်ကြီး ရှေ့ရေးကို ရင်လေးမိပါသည်။ ကျနော်တို့ လိုချင်တာက ကိုယ့် အသက်မွေး ၀မ်းကျောင်းနှင့်ကိုယ် လူမွှေးလူရောင် ပြောင်အောင် အသက်မွေးလို့ရသော မြန်မာနိုင်ငံသားဘ၀။ သမ္မတမှ အစ လမ်းဘေး မြေတူးသူအဆုံး ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းခွင့်ရှိသော ဘ၀များ။ ကျနော်တို့အပေါ်တွင် စိတ်ကောင်း၊ စေတနာရှိသော အုပ်ချုပ်သူများ။ ကျနော်တို့ကို ပညာတတ်စေချင်သော၊ ၀မ်းဝ၊ ခါးလှစေချင်သော အစိုးရ လူတန်းစား။
         တစ်ဦး တစ်ယောက်၊  အဖွဲ့အစည်း တစ်ခုအပေါ်မှာ အားကိုးနေရသော နိုင်ငံသား ဘ၀တွေကနေ အမြန်ကျွတ်လွတ်ချင်ပါသည်။ အားလုံး တန်းတူညီမျှ ငြိမ်းချမ်းသာယာသော နိုင်ငံတစ်ခုဖြစ်လာပြီဆိုလျှင် ဒေါ်စုကို မေ့လိုက်ပါမည်။ ဦးသိန်းစိန်ကို မေ့လိုက်မည်။ ဦးနေ၀င်း၊ ဦးသန်းရွှေ သမိုင်းစာမျက်နှာထဲမှာ ချန်ထားခဲ့မည်။ လက်ရှိ အခြေအနေမှာတော့ ကျနော်လို လူအတွက် ဒေါ်စုကို ထိရင် မကြိုက်ချင်ဘူးဆိုသည့် အပြောကို ခံယူရုံကလွဲလို့ မတတ်နိုင်ပါ ခင်ဗျာ။

US Library offering ebook rental services online ...


အမေရိကန်အစိုးရစာကြည့်တိုက်တွေမှာ အီးဘုတ်တွေငှားနေပြီ
လောကဓာတ်ခန်းသာဂိ၊ မေ ၃၁၊ ၂၀၁၂
အင်တာနက်ခေတ်မှာ ခေတ်အစားဆုံးက ခိုးကူးခွေ၊ ခိုးကူး သီချင်း၊ ခိုးကူး ရုပ်သံတွေပြီးရင် အီးဘွတ်လို့ခေါ်တဲ့ လျှပ်စစ်စံနစ်ပေါ်မှာ ဖတ်ရှုရတဲ့ စာအုပ်တွေ ဖြစ်ပါတယ်။ အီးဘုတ်၊ ပီဒီအက်ဖ်ဘုတ် ဘယ်လိုခေါ်ခေါ် ကွန်ပြူတာ၊ တမျက်နှာစာ တက်ဘလက်၊ အိုင်ပက်ဒ်၊ အိုင်ဖုံး၊ အင်ဒရိုက်ဖုံး၊ စမတ်ဖုံးတွေမှာ အီးဘုတ်တွေကို ဒေါင်းလုပ်လုပ်ပြီး နိုင်ငံတကာက စာဖတ်သူများ ဖတ်ရှုနေကြပြီ ဖြစ်ပါတယ်။
Apple, Amazon, Adode စတဲ့ နံမယ်ကြီး ဆော့ဝဲကုမ္မဏီကြီးတွေက အီးဘုတ်ဖတ်စနစ်တွေ ထုတ်ဝေဖြန့်ချိရုံတင်သာမက အီးဘုတ်များ ရောင်းချခြင်း စနစ်တွေကိုပါ ထုတ်လုပ်လာပါတယ်။ ပုံနှိပ်ထုတ်ဝေသူတွေကလည်း စာအုပ်ဗားရှင်းအပြင် အီးဘုတ်ဗားရှင်းကိုပါ သီးခြား ထုတ်လုပ်ရောင်းချပါတယ်။ Amazon နဲ့ Bern & Noble နဲ့  Sony တို့က  Kindle, Nook နဲ့ e-Reader ဆိုတဲ့ သီးသန့် အီးဘုတ်စနစ် သိမ်းဆည်ဖတ်ရှုတဲ့ လျပ်စစ်ပစ္စည်းတွေ ချရောင်းလာတယ်။ အမေရိကားမှာတော့ လူအများ သုံးစွဲလာပါတယ်။ ကွန်ပြူတာပေါ်မှာတော့ e-book ဖခင်ကြီး pdf တို့ စီးဆင်းရာ၊ Adobe ရဲ့ Adobe Digital Edition ကို ဒေါင်းလုပ် လုပ်ပြီး သုံးစွဲကြပါတယ်။
ယခုအချိန်မှာတော့ဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ Public library (အစိုးရစာကြည့်တိုက်) တွေ အားလုံးနီးပါးက အဆိုပါအီးဘုတ်တွေကို အများပြည်သူထံ သာမန်စာအုပ် ငှားသလို ကွန်ပြူတာ၊ လက်ဆွဲ ကွန်ပြူတာအသေးစားနဲ့ ဖုံးစနစ်များထဲကနေတဆင့် အခမဲ့ အချိန်သတ်မှတ်ပြီး ဒေါင်းလုပ်ဆွဲ ငှားယမ်းခွင့်ပြုနေကြပြီ ဖြစ်ပါတယ်။ မိမိအသင်းဝင်ထားတဲ့ အစိုးရစာကြည့်တိုက်ကို အင်တာနက်ကနေ ၀င်ပြီး အီးဘုတ်တွေကို ငှားယမ်းနိုင်ပါပြီ။ ငှားယမ်းချိန်ပြည့်ရင် အလိုအလျောက် အီးဘုတ်က အငွေ့ပျံ ပျေက်ကွယ်သွားမှာ ဖြစ်ပါတယ်။
အထက်ပါ အီးဘုတ်ငှားယမ်းတဲ့စနစ်ကို Overdirve  အီးဘုတ် ထုတ်လုပ်ပြင်ဆင်သည့် ဆော့ဝဲကုမ္မဏီက အဓိက ဆောင်ရွက်ပေးပါတယ်။ စာကြည့်တိုက်တွေက သူ့ထံက လိုင်စင်ယုူပြီး အဆိုပါ အီးဘုတ်ငှားယမ်းသည့်စနစ်တွေကို သူတို့ စာကြည့်တိုက်က အွန်လိုင်းဝက်ဆိုက်တွေမှာ တပ်ဆင်ကြတာဖြစ်ပါတယ်။ လက်ရှိမှာ Overdrive အီးဘုတ်စာကြည့်တိုက်စနစ်ကို အစိုးရစာကြည့်တိုက်တွေမှာ သုံးစွဲနေကြသော်လည်း တက္ကသိုလ် ကောလိပ်တွေ ကျောင်းတွေက စာကြည့်တိုက်တွေမှာ မသုံးစွဲသေးပါဘူး။
ကျောင်း တက္ကသိုလ် စာကြည့်တိုက်တွေမှာ အီးဘုတ်တွေ အီးစာစောင်တွေ ရှိသော်လည်း အဲသည် အီးဘုတ်တွေကို သူတို့ အင်တာနက်ကွန်ယက်စနစ်ထဲမှာပဲ ဖတ်ရှုခွင့်၊ ငှားယမ်းခွင့် ရှိပါတယ်။ Overdrive သုံး အစိုးရစာကြည့်တိုက်တွေလို ကိုယ့်ကွန်ပြူတာ၊ လက်ပွေ့ကွန်ပြူတာနဲ့ ဖုံးတွေမှာ ဒေါင်းလုပ်ဆွဲ ငှားယမ်းပြီး အချိန်အကန့်အသတ်နဲ့ သယ်ဆောင် ဖတ်ရှုခွင့် မရှိဘူးလို့ ဆန်ဖရန်စ္စကိုအစိုးရတက္ကသိုလ် စာကြည့်တိုက်မှာ ကွန်ပြူတာအလုပ်သမားအဖြစ် ဆောင်ရွက်နေတဲ့ မိုးမခ၀ိုင်းတော်သားတဦးက ရှင်းပြပါတယ်။
အစိုးရက ပံ့ပိုးကူညီတဲ့ public library တွေမှာ အီးဘုတ်တွေ ငှားယမ်းခွင့် ရှိယုံတင်သာမက ပြင်ပလောကမှာလည်း Google Books Library Project တို့၊ Project Gutenberg တို့ကလည်း မူပိုင်ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့ ရှေးဟောင်း ကလပ်စစ်တွေ၊ ဂန္ထ၀င်စာအုပ်တွေကို အီးဘုတ်အဖြစ် ပြောင်းပြီး ပြည်သူတွေ အခမဲ့ ဒေါင်းလုပ်ဆွဲ သိမ်းဆည်း ဖတ်ရှုနိုင်အောင် စီစဉ်ပေးလျက်ရှိပါတယ်။
စီးပွားဖြစ် ပုံနှိပ်ထုတ်ဝေသူများ၊ လုပ်ငန်းရှင်ကြီးများကတော့ အခုလို အီးဘုတ်ငှားယမ်းခွင့်တွေ ပေါ်လာတာ၊ အီးဘုတ်တွေ အခမဲ့ရရှိလာတာကို မနှစ်သက်ကြပါဘူး။ စာရေးဆရာတွေ ၀င်ငွေ ထိခိုက်မယ်လို့ ဝေဖန်ကြသလို၊ ခိုးကူးစနစ်တွေကြောင့် စီးပွားရေးထိခိုက်မယ်လို့ ပြစ်တင်ကြပါတယ်။ သို့သော်လည်း အီးဘုတ်စနစ်တွေ ပေါ်ပေါက်လာတာကြောင့် အင်တာနက်နဲ့ ခေတ်မှီလျှပ်စစ်ပစ္စည်းတွေ သုံးစွဲနိုင်သူ အမေရိကား၊ ဥရောပ၊ ကနေဒါ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ စားသုံးသူတွေအတွက်ကတော့ ဈေးချိုသော စားသုံးမှုတွေ မြှင့်တက်နေတာကို တွေ့ရပါတယ်။ သူတို့ပြောသလိုမျိုးတော့ ဖြစ်လာတာကို မမြင်ရသေးပါဘူး။
Apple’s iTune ကနေ သီချင်းတပုဒ် တဒေါ်လာနဲ့ ၀ယ်နိုင်တာကြောင့် ဂီတသမားတွေကော ဂီတလုပ်ငန်းတွေ တခေတ်ဆန်းခဲ့ပြီး ဖြစ်ပါတယ်။ Amazonနဲ့ Barnes and Noble တို့ကိုယ်တိုင်ကလည်း သူတို့အီးဆိုင်တွေကနေ အီးအနုပညာတွေ ထုတ်လုပ်ရောင်းချမှုတွေ တိုးတက်နေပါတယ်။ တီဗီနဲ့ အင်တာနက်ချိတ်ထားပြီး မာလတီမီဒီယာတွေ အားလုံးကို လူတွေက လွယ်ကူ သက်သာ မြန်ဆန်စွာ ရယူနိုင်ကြပြီ ဖြစ်ပါတယ်။ Google TV, TiVo, Roku, Hulu, Apple TV နဲ့ အမျိုးအမည် စုံသော အီးမီဒီယာဖြန့်ချိပေးတဲ့ စနစ်ပေါင်းစုံက အမြောက်အများပေါ်နေပြီ ဖြစ်ပါတယ်။
နိဂုံးပြန်ချုပ်ရရင် စာအုပ် စာပေ၊ ထုတ်ဝေရေး၊ ပုံနှိပ်ရေး၊ ဖြန့်ချိရေး၊ စာကြည့်တိုက်၊ စာအုပ်ဆိုင် ဆိုတဲ့ စာနယ်ဇင်းအလုပ် စီးပွား လူမှု ဘ၀တခုလုံးကို အီးစနစ်က အင်တာနက်က တခေတ်ဆန်းနေစေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်က အစိုးရစာကြည့်တိုက်တွေမှာ အီးဘုတ်တွေကို အခမဲ့ ငှားယမ်းနိုင်ပါပြီ။ အီးဘုတ်ဖတ်ရှုတဲ့ ကွန်ပြူတာတွေ လက်ပွေ့လျပ်စစ်စက်တွေ၊ စမတ်ဖုံးတွေထဲမှာ APP (စနစ်) တွေ ပေါ်ထွန်းနေပါပြီ။
မြန်မာစာဖတ်သူတွေ လက်ထဲမှာလည်း ပီဒီအက်ဖ် ဗားရှင်းပြောင်းထားတဲ့ အီးဘုတ်တွေ အနှံ့အပြားရောက်ရှိလို့ နေပါပြီ။ အဲသည် အီးဘုတ်တွေကို စနစ်တကျ စာကြည့်တိုက်ကတ်တလောက်သွင်းပြီး ငှားယမ်းမျှဝေနိုင်တဲ့ စနစ်မျိုး ပေါ်ပေါက်လာဖို့ ဆိုတာ သိပ်မဝေးတော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ မိုးမခက နွားကျောင်းသားတွေနဲ့ San Francisco Burmese Community Book Drive က လုပ်အားပေး စေတနာရှင်တွေ စုပေါင်းပြီး အီးဘုတ်အွန်လိုင်းစာကြည့်တိုက်ကလေး ပေါ်အောင်လုပ်နိုင်ကောင်းပါရဲ့ လို့ ဆုတောင်းပေးပါတယ်။

Suu to visit Mea La Refugee Camp


ဇွန်လ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်များကိုသွားတွေ့မည် (KIC News)

မေလ ၃၀ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မယ်လဒုက္ခသည်စခန်းရှိ ဒုက္ခသည်များကို လာမည့် ဇွန်လ ၂ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမည်ဟု သူမ၏ ထိုင်းခရီးစဉ်၌ ကူညီဆောင်ရွက်ပေးနေသူ KNU/KNLA ငြိမ်းချမ်း ရေးကောင်စီမှ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဒေါက်တာတီမသီက ယနေ့ အတည်ပြု ပြောကြားလိုက်သည်။
“(မယ်လ)ဒုက္ခသည်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ အရင်သွားတွေ့မယ်။ ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို သူ(ဒေါ်စု) သိအောင်လုပ် မယ်။ အဓိကတော့ လူထုတွေရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံနေရတာကို သူ့အနေနဲ့ လက်တွေ့ကျကျသိဖို့ သူသွားမှာပေါ့။”ဟု သူက ပြောသည်။
KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ထိုင်းအစိုးရနှင့် ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည့်နေရာများနှင့် တွေ့ဆုံလို သည့်အဖွဲ့အစည်းများကို လိုက်လံဆက်သွယ်ကာ ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဇွန်လ ၂ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် လေကြောင်းလိုင်းဖြင့် မဲဆောက်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ထိုမှတဆင့် မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ပြီးမှသာလျှင် မယ်တော်ဆေးခန်း တည်ထောင်သူ ဆရာမ ဒေါက်တာစင်သီယာမောင် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မဲဆောက်တွင် ဆက်လက် တွေ့ဆုံသွားမည်ဟု ဒေါက်တာတီမသီက ကေအိုင်စီသို့ ပြောသည်။
ဒေါက်တာတီမသေက “ကျနော်တို့အဖွဲ့အတွက်ပဲ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးရဲ့ လိုလားမှုအားလုံး အပေါ်မှာလည်း ကျနော်တို့အနေနဲ့ ဆောင်ရွက်ပေးတာပါ”ဟု ဆိုသည်။
အလားတူ ကရင်ဒုက္ခသည်များကော်မတီ(KRC)၏ အတွင်းရေးမှူးစောဂျော့က “ဒေါ်စု မယ်လစခန်းကို ဇွန်လ ၂ရက်နေ့မှာ လာမယ့်အ ကြောင်း မယ်လစခန်းက ပလာ(ထိုင်းအာဏာပိုင်)က ကျနော်တို့ကို ဒီနေ့ပဲ ဆက်သွယ်ပြောပြလာတယ်။ အဓိကတော့ စခန်းကော်မတီ တွေကို ဒီရက်ပိုင်း ဘယ်မှမသွားသေးဖို့တော့ ပလာက ပြောထားတယ်”ဟု ကေအိုင်စီသို့ ယနေ့ညနေက အတည်ပြု ပြောဆိုခဲ့သည်။
သို့သော် မဲဆောက်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကို ကြားသိထားမှုသာရှိပြီး အချိန်အတိအကျ မသိရသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၀ရက်မှ ဇွန်လ ၁ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးနှီးနှော ဖလှယ်ပွဲ-WEF တွင် တက်ရောက်ရန် ပြည်ပခရီးစဉ်အဖြစ် ယမန်နေ့ည ၉နာရီကျော်က ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုံမိလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
၁၉၈၈ခုနှစ်နောက်ပိုင်းမှစ၍ နေအိမ်အကျယ်ချုပ်ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ခုနှစ်၊ ရွေး ကောက်ပွဲအပြီးတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်၍ တနှစ်ကျော်အကြာ ပထမဆုံး ပြည်ပခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ် သည်။

May Kha - Twilight over Burma - 28

မြူတိမ်ဝေဝေ ... တောင်ခိုးဝေးဝေး (၂၈)
မေခ
မေ ၂၉၊ ၂၀၁၂



နောက်တနေ့တွင် အဖြေထွက်လာသည်။ သူ့လူတွေသည် တယ်လီဖုံးပြန်လာတပ်ပေးသွားသည်။ တိုးတိုး မသဲမကွဲဖြင့် လိုင်စင်ရှိရဲ့လားဟုပြောနေသေးလေသည်။ ဟုတ်ပါသည်။ တယ်လီဖုံးက လိုင်စင်ရှိစရာမလိုပါချေ။ နောက်နာရီအနည်းငယ်ကြာသောအခါ လွန်ခဲ့သောရက်အနည်းငယ်ကရောက်နေသောစာနှစ်စောင်ကို သူယူပြီးပြန်လာသည်။

တစောင်က ဂျာမဏီရှိ အမေ့ဆီကဖြစ်ပြီး နောက်တစောင်မှာ ကိုလိုရာဒိုက သူငယ်ချင်းစာဖြစ်လေသည်။ စာတွေက အင်္ဂလိပ်လိုနှင့် ဂျာမန် လိုရေးထားရာ တပ်ကြပ်က သူ့ကိုဘာသာပြန်ပြီး ဖတ်ပြပါဟုပြောလေသည်။ သူမသည် ပါးစပ်ကပင် တပ်ကြပ်လေးကို အမေက သူ့သမီး ဆီရေးသောစာအကြောင်းနှင့် သူငယ်ချင်းက ကောလိပ်အကြောင်းရေးသောစာကိုပြောပြလိုက်ရာ သူသည် ရပ်လျက်အသေအချာနားစိုက် ထောင်နေလေသည်။ သုစန္ဒာသည် မျက်နှာကိုတည့်တည့်ထားလိုက်ကာ ကျေးဇူးတင်လျက် မျက်နှာသာပေးသောအနေဖြင့် ပြုံးပြလိုက်ပြီး လက်ထဲက စာနှစ်စောင်ကို လုံလစိုက်သော တပ်ကြပ်လေးလက်ထဲပြန်ထည့်ပေးလိုက်သည်။ သူမဖတ်ပြီးသွားလေပြီ။ ဖြစ်နိုင်လျှင် သူမ သည် သည့်ထက်စာတွေကိုပိုဖတ်ချင်မိလေသည်။ သည်စာတွေမှ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ရလေသည်။

သုစန္ဒာနောက်ဆုံးမတော့ သတင်းစာများရသည်။ အင်္ဂလိပ်လိုထုတ် နေးရှင်းနှင့်ဗမာလို မြန်မာ့အလင်းတို့ဖြစ်သည်။ သတင်းစာထဲမှ သူမသည် ရန်ကုန်က အခြေအနေတွေကိုသိရသည်။ ဗြောင်းဆန်နေတော့လေသည်။

တညနေခင်းတွင် သူမ၏ လင်ညီအမ စဝ်ခွန်လုံ၏ဇနီးသည် စံအိမ်တော်သို့ တောင်ကြီးမှ မမျှော်လင့်ပဲရောက်လာသည်။ နန်းလောင် ဂိတ် ကိုဖြတ်ရာ၌ဘာပြဿနာမှ မရှိချေ။ သူမသည် နမ့်ပန်းမြို့တွင်နေသော သူမ၏မိခင်ကို လာကြည့်ခြင်းဖြစ်သည်။ မိခင်ကြီးသည် အသည်း အသန်ဖြစ်နေသည်။ သုစန္ဒာအတွက် သူမသည် စဝ်ဘာတွေဖြစ်နေသလဲဆိုတာ တိုက်ရိုက်သိခဲ့သဖြင့် သုစန္ဒာကို နောက်ဆုံးပြောပြဖို့ဖြစ်လာရလေသည်။

နန်းလောင်က သုစန္ဒာကို တိုးတိတ်စွာပြောပြသည်။ စဝ်ကို တောင်ကြီးကအထွက်ဂိတ်တွင် ဖမ်းသွားကြတာဖြစ်ကြောင်း မည်သူကဖမ်းသည် ဆိုတာတော့ မသိရသေးကြောင်း ယခုမူ ရပ်စောက်အနီးက တောတွင်းတနေရာမှာရှိနေကြောင်း တို့ကို မိန်းမနှစ်ယောက်သည် ကလေးတွေ အိပ်ချိန်အထိစောင့်နေပြီးမှ လွတ်လပ်စွာပြောရလေသည်။ အိမ်ရှေ့မြေပြင်ပေါ်တွင် နန်းလောင်သည် တောင်ကြီးတွင်ဖြစ်ခဲ့သော နွေရက် တွေအကြောင်း ပြန်ပြောပြနေလေသည်။ အားလုံးကိုနားထောင်ပြီးသွားသောအခါ သုစန္ဒာသည် စဝ်ကို ရပ်စောက်တောတွင်းတွင် ဖမ်းထား သည်ကို သိရပြီဖြစ်သည့်အတွက် သူမ၏မျှော်လင့်ချက်ကို ထပ်စောင့်နေစရာမလိုတော့ပဲ စဝ်ကို ဖြစ်သည့်တနည်းနည်းဖြင့် ရအောင် ထုတ် ယူရမည်ဖြစ်လေသည်။

"အကိုက သူတို့ အဖမ်းခံရပြီးနောက် သူတို့ချင်းတွေ့ကြတဲ့အကြောင်းရော သိလား” သုစန္ဒာက နန်းလောင်ကို မေးလိုက်သည်။
"ဟုတ်တယ်။ တွေ့ကြတယ်။ မြို့အထွက်ကဂိတ်မှာတဲ့ လူတွေအများကြီးက မေးခွန်းတွေမေးကြတယ်။ နောက်တော့ သူတို့ကို အဲဒီမှာပဲ လွှတ်လိုက်တာ မြင်တယ်လို့ပြောကြတယ်"

"အနည်းဆုံး သူတို့နှစ်ယောက် အခုထိ အတူတူပေါ့” သုစန္ဒာက ကြားရသော ကြောက်စရာသတင်းအတွက် စိတ်သက်သာရာရအောင် ကြိုး စားနေရသည်။
"မဟုတ်ဖူး။ သူတို့ အတူတူမဟုတ်ဖူး။ ကျမယောက်ျားကိုတော့ အောင်ပန်းကိုခေါ်သွားတယ်။ ရပ်စောက်မှာ မဟုတ်ဖူး” နန်းလောင်ပြန် ဖြေသည်။

သူမ စဝ်ကိုတွေးကြည့်လိုက်သည်။ အိတ်လည်းမပါ။ တယောက်တည်း။ အကျဉ်းသားနေနှင့်ဆိုတော့ သူမနှလုံးကို ထုနေသလိုခံစားရ လေသည်။ ဘယ်လောက်များ ယုတ်မာစော်ကားလိုက်လဲ ကြောက်စရာကောင်းတဲ့ မတရားမှုကြီးလဲ။

နန်းလောင်က သူ့ယောက်ျားအား သောင်းကျန်းသူတွေဖမ်းသွားသည့်သတင်းကို သတင်းစာထဲပါလာတာပြသည်။ အခုထိ စဝ်အဖမ်းခံနေ ရတာ သူမ တရားဝင်မသိရသေးကြောင်းကို သုစန္ဒာက သနားစဖွယ်ပြောသည်။ သူမဘာ မှတ်ချက်မှမပေးနိုင်တော့ပါ။ တခုခုတော့ ကြောက် စရာကောင်းလောက်အောင်မှားယွင်းနေပြီဖြစ်ကြောင်း သုစန္ဒာ သတိရှိရှိ ခံစားသိလိုက်ရပေသည်။

သုစန္ဒာ ထိုညက တညလုံးအိပ်မရပါ။ သူမသည် အတွေးတွေကိုပြန်စုသည်။ စိတ်ကူးတွေကို ခပ်တိုတိုဖြတ်သည်။ သူမ၏လက်ရှိအခြေအနေကို အမှန်အတိုင်းကြည့်သည်။ စဝ်က လွတ်လပ်မနေပါ။ သူသည် တောလမ်းမှ ထိုင်းသို့ ထွက်ပြေးလွတ်မြောက်မသွားခဲ့ပါ။ သူသည် ဘာလုပ်မယ် ဘယ်ကိုသွားမယ်ဆိုသော ညွှန်ကြားချက်တွေ သူမထံ သတင်းမပို့နိုင်တော့ပါ။ သုစန္ဒာကို ကလေးနှစ်ယောက်နှင့်အတူ သူမအိမ် တောင်ကြီး တွင် အတူလာနေခိုင်းသည်။ ထိုနေရာမှ သူတို့နှစ်ယောက် အတူတူစုံစမ်းနိုင်ကြမည်ဖြစ်လေသည်။ တွေ့ခွင့်ရအောင် ကြိုးစားနိုင်မည်ဖြစ် သည်။

နန်းလောင်သည် သူမအမေနှင့် ရက်အတော်ကြာကြာနေထိုင်ပြီး မနေ့ကပဲ တောင်ကြီးသို့ပြန်သွားခဲ့လေပြီ။ သုစန္ဒာကတော့ အိမ်မှာပဲ တ ယောက်ယောက်ဒါမဟုတ် တခုခုကို စောင့်နေတော့မည်ဟု စိတ်ဆန္ဒ ပြင်းပြနေခဲ့သည်။

ရက်အနည်းငယ်ကြာသောအခါ မျှော်နေမိသော ထိုတယောက်ယောက်သည် တကယ်ပင်ရောက်လာခဲ့လေသည်။ စံအိမ်တော်အတွက် အ သစ်ရောက်လာသော သောင်းကျန်းသူဗိုလ် တယောက်က သုစန္ဒာနှင့် တွေ့လိုပါသည်ဟု ကောလိန်လာပြောသည်။သုစန္ဒာကတော့ သည်လို စိတ်ချမ်းသာစရာတွေဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ စံအိမ်တော်ကိုနောက်တခါ ထပ်ရှာဖို့လွှတ်လိုက်တာပဲ ဖြစ်မည်ဟု တွေးနေမိခဲ့သည်။ သို့သော် သူမသည် သီးသန့်ခန်းတွင် ရပ်စောင့်နေသော သောင်းကျန်းသူဗိုလ်ကိုတွေ့လိုက်ရသောအခါ ချက်ခြင်းပင် ထူးခြားတာပဲ ဟု သတိပြုလိုက်မိသည်။ ပထမ ဗိုလ်သည် တယောက်ထည်းဖြစ်သည်။ သူ့တွင် မည်သည့်အမိန့်မှ ပါမလာချေ။ ဒုတိယ သူ သည် တရုတ်တယောက်မဟုတ်ချေ။ သူ့ပုံပန်းသည် ကချင်ပုံဖြစ်သည်။ နှာတံရှည်ရှည်၊ မျက်လုံးပြူးပြူး၊ကြီးမားထင်ရှားသော မေးရိုးကြီး များရှိနေသည်။

"ကျမကို တွေ့ချင်တယ်ဆို” သူမ သတိထားပြီးပြောလိုက်သည်။
"ဟုတ်ပါတယ် မဒမ်” သူဖြေသည်။ "ကျွန်တော်က အသစ်ရောက်လာတဲ့ စစ်သားပါ။ ကျွန်တော့်ကို ကျွန်တော် မိတ်ဆက်ပါတယ်” သူက မြန်မာလို ပီပီသသပြောတာကို သူမ သတိထားလိုက်မိသည်။

"ကျေးဇူးတင်ပါတယ်။ တွေ့ရတာဝမ်းသာပါတယ်” သူမပြန်ပြောသည်။ သူလာတဲ့အကြောင်းရင်းကဘာလဲ သူမအံ့နေမိသည်။

"မဒမ်အတွက် ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအတွက် ကျွန်တော်စိတ်မကောင်းပါဖူး”သူသည် ကိုးယို့ကားယားပြောနေသည်။

သုစန္ဒာက အံ့သြနေမိသော်လည်း ဘာမှမတုန့်ပြန်ပဲနေမည်ဟု ဆုံးဖြတ်လိုက်သည်။ သူမစိတ်ထဲတွင် အသေအချာပင် ကြင်နာမှုနှင့် ရိုးသား မှုတို့ကို မမျှော်လင့်သော နေရာမှရတော့မည်ဟု အာရုံသိခံစားရလေသည်။ ကချင်စစ်သားများသည် စစ်တပ်ထဲတွင် နာမည်ကောင်းရသည်။ သူတို့ကို ဗြိသျှတွေက ကောင်းကောင်းလေ့ကျင့်ပေးထားသည်။ သို့သော်သူတို့သည် တောင်ပေါ်သားတွေဖြစ်တာကြောင့် တိုင်းယိုင်တွေနှင့် ပိုလို့နီးနီးကပ်ကပ်ရှိလေသည်။ သူတို့၏သစ္စာရှိမှုကိုတော့ ယခုတိုင် မစမ်းသပ်ရသေးချေ။

"ကျွန်တော် မဒမ်ကို ကူညီချင်ပါတယ် ”သူပြောပြီး စာနှစ်စောင်ထုတ်ပေးလေသည်။ စာမှာ ဖွင့်ထားပြီးသားဖြစ်ပြီး ဆင်ဆာ လုပ်ထားပြီးကြောင်း တံဆိပ်တုံးနှိပ်ထားသည်။ “ဒီစာကို မဒမ်ဆီလာတဲ့စာတွေထဲကနေ ဖြတ်ယူလာတာ တခြားလူတွေမမြင်ခင် ဒီစာကို မဒမ်ဆီယူလာပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်”

မြန်မာ တံဆိပ်ခေါင်းကပ်ထားသော ထိုစာကိုလှမ်းယူလိုက်သောအခါ သုစန္ဒာမှာ နောက်ကျောရိုးမှနေ၍ တစိမ့်စိမ့် တုန်ရင်လာလေသည်။ စာအိတ်ပေါ်က လက်ရေးကို သူမ မသိပါ။ သို့သော် ဒီစာသည် သူမ ယောက်ကျားထံမှဆိုတာတော့ သိလိုက်ပါသည်။ သူမ ပထမစာကိုဆွဲ ထုတ်လိုက်သည်။ တကယ်တော့ စာရွက်မဟုတ်ပါ။ အိတ်ဆောင်ပြက္ခဒိန်မှဆုတ်ဖြဲထားသော စာရွက်အပိုင်းလေးသာဖြစ်သည်။ စဝ်ရေး ထားတာကို ဖတ်ကြည့်လိုက်သည်။

အချစ် ... မောင်အခု ရပ်စောက်တောထဲက သောင်းကျန်းသူစခန်းမှာ အဖမ်းခံနေရတယ်။ မောင်အခု အိုကေပါတယ်။ ရက်စွဲသည် စဝ် တောင်ကြီးမှထွက်လာသောနေ့ဖြစ်သည်။ မတ်လနွေ။ စိတ်လှုပ်ရှားစွာဖြင့် ဒုတိယစာလေးကို စာအိတ်ထဲမှ ဆွဲထုတ်လိုက်သည်။

စဝ်စာကိုဖတ်လိုက်သည်။ စာထဲတွင် သူအဖမ်းခံရပုံအသေးစိတ်ရေးထားပြီး သူ့ကို ကယ်ထုတ်ဖို့ဆက်သွယ်ရမည့်လူများကိုပါရေးထားသည်။ သူတကယ်သည် ရန်ကုန်ကအကြောင်းကိုလုံးဝ မသိပါလား။ သူမလက်တွေတဆတ်ဆတ် တုန်ခါနေတော့သည်။ သူမ မေးလိုက်သည် ။

"ဘာလို့ ကျမကို ဒီစာပေးရတာလဲ ဗိုလ်ကြီး"
“ဒါတွေက မဒမ်အတွက်ပဲလေ။ ဒါတွေက သိပ်အရေးကြီးလာနိုင်ပါတယ်။ အခုလောလောဆယ် ဘယ်သူ့ကိုမှ ပြောမပြပါနဲ့ဦး။ ပြီးတော့ အကြံပေးချင်တာကတော့ လုံခြုံတဲ့နေရာမှာ သိမ်းထားလိုက်ပါ”

”ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ဗိုလ်ကြီးရယ်” သုစန္ဒာသည် အခန်းပိတ်ပြီးတော့သာ အားရပါးရ ငိုချလိုက်ချင်တော့သည်။ သို့သော် သူမကြောင့် ရဲရင့်သောဒီစစ်ဗိုလ်ကို အခြားလူတွေကမြင်သွားပြီး သံသယဖြစ်သွားရအောင် သူမ မလုပ်သင့်ချေ။

"ကျွန်တော့်ကို ကျေးဇူးတင်စရာမလိုပါဘူး” သူကနှိမ်ချပြီးပြောလိုက်လေသည်။ "ကျွန်တော် ဒါကိုလုပ်ရမှာပဲ။ ကျွန်တော် မဒမ်အတွက် တ အားကို စိတ်မကောင်းဖြစ်မိပါတယ်။ ခွန်မိန်းအတွက်ရောပဲ ။ ပြီးတော့ ကျွန်တော်တို့ မြေအတွက်ပေါ့ ”

ထို့နောက် သောင်းကျန်းသူဗိုလ်သည် အခန်းတွင်းမှ တိတ်ဆိတ်စွာပြန်သွားသည်။ ပြီးတော့ သူ့ဂျစ်ကားကိုမောင်းထွက်သွားလေတော့၏။

သူသည် နောက်ရက်အနည်းငယ်တွင် တယောက်တည်း တခေါက်ပြန်လာပြီး စဝ်အခု ကျန်းကျန်းမာမာဖြင့် ရပ်စောက်တောထဲမှာပဲ ရှိနေ သေးကြောင်း ပြောပြသွားခဲ့သေးသည်။

နောက်တခါတော့ သူ့ကို သူမ ဘယ်တော့မှထပ်မတွေ့ရတော့ပါ။ တပတ်အကြာတွင် သူ့ကို အခြားနေရာသို့ပြောင်းရွေ့လိုက်လေသည်။
...... .... .....

အခန်း (၁၅)
လင်ညီအမထံမှ စဝ်အဖမ်းခံရသောသတင်းကို သူမကြားပြီးသောအခါ သုစန္ဒာသည် ဗိုလ်မှူး ပန်ဖတ်ထံ ဖုံးဆက်လိုက်သည်။ အဝတ်အစားနှင့် စာ ပို့ခွင့်ပေးဖို့တောင်းခံလေသည်။ ဗိုလ်မှူးက သည်ကိစ္စကို သူမအတွက်ရှေ့ဆက်လုပ်ပေးသည်။ သုစန္ဒာတွေးမိတာကတော့ သောင်းကျန်း သူတွေသည် စဝ်ကိုဖမ်းဆီးထားခြင်းကြောင့် စဝ်နှင့်ပတ်သက်သော ကိစ္စအဝဝကို တာဝန်ယူရမည်ဖြစ်သည်ဟု ယူဆလေသည်။ သောင်း ကျန်းသူတွေက ဘာအတွက်ဖမ်းထားရတာလဲ။ နိုင်ငံရေးဆွေးနွေးဖို့လား။ ဘာလိုချင်လို့လဲ။ သို့သော် ဗိုလ်မှူးက ဆက်ပြောပေးသည့် အတွက် ကောင်းသောလက္ခဏာဖြစ်သည်။ သူမသည် မသေးလွန်း မကြီးလွန်းသော သေတ္တာလေးကိုထုပ်ပိုးထားသည်။ အထဲတွင် အဝတ် အစား၊ အကြမ်းသုံး စက္ကူ၊ ဆေးဝါး၊ စာရေးစက္ကူ၊ မိသားစု သတင်းနှင့်အားပေးစကားပါသော အိတ်ဖွင့်စာတစောင်တို့ကို သေတ္တာလေး ထဲထည့်ထားလေသည်။ ပြီးနောက် သူမသည် မွိုင်းနှင့်အတူ ကျောက်မဲသို့နောက်တခေါက်သွားပြီး ပစ္စည်းများကို ဗိုလ်မှူးလက်ထဲထည့် ပေးခဲ့သည်။ ဗိုလ်မှူးက ဖော်ဖော်ရွေရွေဖြင့် ပစ္စည်းများကိုလက်ခံပြီး အားပေးစကားပါပြောသောအခါ သုစန္ဒာမှာ ယုံကြည်မှုအပြည့်ဖြင့် မကြာမီတွင် စဝ်ထံမှ ပြန်စာကို တရားဝင်လမ်းကြောင်းမှ ရောက်လာလိမ့်မည်ဟု ခံစားမိလေသည်။

ထိုအစား အခြားပြဿနာ တခုကပေါ်လာလေသည်။ လယ်ယာစိုက်ပျိုးရေးအတွက်စက် ပစ္စည်းများ၊ မိုင်းတူးဖော်ရေးအတွက် လိုအပ်သော စက်ပစ္စည်းများ၊ ဆား စီမံကိန်းအတွက် လိုအပ်သော အထောက်အပံ့ ပစ္စည်းများ က ကျောက်မဲတွင်ရောက်နေသည်။ ရှေ့ဆက်လုပ်ဖို့ပဲရှိသည်။ တိုင်းမိုင်းတူဖော်ရေး ကုမ္ပဏီက ပစ္စည်းမန်နေဂျာကို သူမက ဆက်လုပ်ဆောင်ပေးဖို့ပြောသည်။ မန်နေဂျာ ကျောက်မဲရောက်သောအခါ အဖမ်းခံရပြီး သင်္ဘောဖြင့် ရောက်ရှိလာသောပစ္စည်းများကို သိမ်းလိုက်ကြသည်။

ထိုနေ့မှာပင် အမေရိကန်မှလာကြသည့် ပျားရည်ဆမ်းခရီးထွက်လာကြသော သူငယ်ချင်းနှစ်ယောက် မန္တလေးတွင်ရောက်နေပြီး နမ့်ပန်းကို လာဖို့ ကြိုတင်စီစဉ်ဖို့ အကြောင်းကြားလာလေသည်။ သူတို့ဆက်သွယ်ပြီးလို့မှ မကြာခင်မှာပဲ သောင်းကျန်းသူတွေက ချက်ခြင်းရောက်ရှိ လာကြပြီး သုစန္ဒာသည် နိုင်ငံခြားသားတွေနှင့်အဆက်အသွယ်လုပ်သည်ဟု စွပ်စွဲတော့လေသည်။ သူတို့က ရှင်းရှင်းပင်လုပ်လေသည်။ နိုင်ငံခြားသားတွေ နမ့်ပန်းစံအိမ်တော်သို့ လာခွင့်မပြုဟု အမိန့်ထုတ်သည်။

နှစ်ရက်ကြာသောအခါ သောင်းကျန်းသူခေါင်းဆောင်ပိုင်းက စာထုတ်လေသည်။ စာထဲတွင် နမ့်ပန်းစံအိမ်တော်သို့ မဟာဒေဝီနှင့် တွေ့ဖို့လာ ကြသော နေတိုးအဖွဲ့က အေးဂျင့်နှစ်ယောက်ကို မဟာဒေဝီနှင့် တွေ့ခွင့်မပြုဟု ရေးသားထားလေသည်။

သုစန္ဒာသည် တညလုံးလိုလိုနိုးနေတတ်လေသည်။ တိုင်ကပ်နာရီ၏ သာယာသောတီးလုံး တေးသံကို တညလုံးကြားနေသည်။ နံနက်စော စောတွင် ဘုန်းကြီးကျောင်းမှ တုံးမောင်းခေါက်သံကို ကြားနေရသည်။ တခါတရံတွင်မူ ငြိမ်းအေးသာယာသော နာရီတီးလုံးတေးသံနှင့် ဘုန်း ကြီးကျောင်းမှ တုံးမောင်းခေါက်သံတွေအကြားတွင် စက်သေနတ်ပစ်သံများကိုကြားနေရတတ်ပြန်လေ၏။လ၏အေးစိမ့်စိမ့် အလင်းအောက် တွင် အရိပ်ရှည်ရှည်တို့သည် တစ္ဆေတွေလို ယိမ်းနွဲ့နေတာကို သူမ မျက်လုံးတွေက အာရုံစူးစူးစိုက်ကြည့်နေမိရာ သူမ၏စိတ်ကူးအတွေး တွေသည် သူမကိုလှည့်စားနေပြန်တော့သာည်။ အခြားကမ္ဘာမှ ဝိညာဉ်များသည် သတင်းများယူဆောင်ပေးလာပြီး သူမအိပ်ရာအနီးတွင် ကနေကြတာကိုသူမမြင်နေရသလိုထင်နေမိလေသည်။ ထိုသို့မြင်နေရတာတွေသည်မဆုံးနိုင်သော ညပေါင်းများစွာဖြစ်နေပြီး သူမတို့ မိ သားစုပြန်လည် ဆုံဆည်းဖို့မျှော်လင့်ချက်များလည်း တဖြည်းဖြည်း ပျောက်ဆုံးနေလေသည်။

သို့သော် နောက်တနေ့ နံနက်ခင်း နေမင်းသည် သူမ၏ယုံကြည်မျှော်လင့်ချက်ရောင်ခြည်ကို ပြန်လည် မွေးဖွားပေးလိုက်ပြန်သည်။ အကောင်းတလှည့်ပြန်လာဖို့စောင့်သည်။ စဝ်နှင့်အဆက်အသွယ်ရရေးသည် မျှော်လင့်ချက်ကင်းမဲ့လာသည်။ သူ့ဆီကစာလက်ခံရရှိဖို့၊ သူ့ဆီစာတွေ ပို့ဖို့၊ အတွက် သူမ ဇွဲရှိရှိစောင့်လေသည်။ စဝ်ကို ဖမ်းဆီးအကျဉ်းချထားသော သောင်းကျန်းသူတွေမှာ တာဝန်ရှိသည်။

တနင်္ဂနွေ တမနက်ခင်းတွင်သူမ၏ တိုင်းယိုင်တွေထဲမှ အနည်းငယ်သော ဘက်တစ်ခရစ်ယန်ဝင် နိုင်းနိုင်းသည် ဘုရားကျောင်းမှ ပြန်လာပြီး သတင်းကောင်းတခုကို သယ်ဆောင်လာသည်။

"စဝ်မေ" သူမက သုစန္ဒာကိုပြောသည်။ "ကျမသူငယ်ချင်း ဂရေ့စ်ကပြောတယ် သူ့ယောက်ျားက စဝ်ဘုရားကို ရပ်စောက်မှာ အကြိမ်အတော်များများတွေ့ခဲ့ရတယ်တဲ့ ”

သတင်းစာဖတ်နေသော သုစန္ဒာလက်ထဲမှ သတင်းစာလွတ်ကျသွားပြီးသူမ၏ ကလေးထိန်းအဖွားကြီး နိုင်းနိုင်းကို ကြောင်ကြည့်နေမိ လေသည်။ သူမကဆက်ပြောသည် ”ကျမသူငယ်ချင်း ဂရေ့စ်နဲ့ သူ့ယောက်ျားက ကရင်တွေလေ။ သူက သောင်းကျန်းသူစစ်တပ်ထဲက ဗိုလ် တယောက်ပဲ။ ဒါပေမဲ့ သူ့နှလုံးသားက သောင်းကျန်းသူတွေလို ဟုတ်ဖူး။ ကျမ သူတို့နဲ့ အတူတူ ရန်ကုန်မှာ နှစ်အတော်ကြာအောင်နေခဲ့ဖူးတယ် "

သုစန္ဒာသည် နိုင်းနိုင်းအနီး ပိုကပ်သွားလိုက်သည်။ သူမသည် ဧည့်ခန်းအတွင်း ငဲ့စောင်းကြည့်လိုက်သည်။ သူတို့ပြောမည့်စကားကို ဘေး နားကကြားမည့်သူ ရှိ မရှိ သေချာအောင်ကြည့်ရသည်။

"နိုင်းနိုင်း သူငယ်ချင်းက သူ့ယောက်ျားရှိရာ ရပ်စောက်ကိုမကြာခင်ပြန်တော့မှာ မဟုတ်လား”

သုစန္ဒာက မေးခွန်းကို တိုးတိုးလေးကပ်ပြောသည်။ နိုင်းနိုင်းက အလိုက်သိစွာပြုံးပြီး ခေါင်းငြိမ့်ပြသည်။ သူမသည် သူမ၏သခင်မ သဘောအလွန်ကောင်းနေတာကိုသိလိုက်သည်။ ထို့ကြောင့် သူမကတောင်းဆိုဖို့ အဆင်သင့်ဖြစ်နေသည်။

"သူမနက်ဖန်မနက် ဘတ်စ်ကားနဲ့သွားမှာ” နိုင်းနိုင်းပြောလိုက်သည်။
"မင်း စဉ်းစား .. ” သုစန္ဒာသည်သူမ၏ စိတ်အားထက်သန်နေသောမေးခွန်းကို အဆုံးမသတ်နိုင်ပဲ ဖြစ်နေသည်။

"ကျမ သူနဲ့လိုက်သွားမယ်” နိုင်းနိုင်းသည် အရင်ကတည်းက ဆုံးဖြတ်ထားသည်မိ့ သေချာပေါက်ကိုပြောလိုက်သည်။
"အို နိုင်းနိုင်း မင်းငါ့အတွက် တကယ်လုပ်ပေးမှာလား” သုစန္ဒာ ကြမ်းပေါ်ထိုင်ချလိုက်သည်။ ၇၂ နှစ်အရွယ် ယုံကြည်ရသော အဆစ်အမြစ်များ ယောက်ကိုင်းနေသော သူမ၏ သူနာပြုကလေးထိန်းလက်များကို ဆုပ်ကိုင်ထားလိုက်သည်။ အရင်က သူမကို တခါမှမလွှတ်နိုင်ခဲ့ချေ။

"စဝ်မေ ကျမ အရင်ကတည်းက သူငယ်ချင်းကိုပြောပြထားပြီးပါပြီ။ သူကပြောတယ် ကျမလို အဖွားကြီးတယောက်လာလည်တာကို ဘယ် သူကမှ မေးနေကြမှာ မဟုတ်ပါဖူးတဲ့"

သူမသည်ဒီခရီးကို သူမကိုယ်တိုငfထွက်ရသလို ထခုန်လိုက်မိတော့သည်။ သို့သော် သူမသည် ချက်ခြင်းပင် နိုင်းနိုင်းဘေး ကြမ်းပြင်ပေါ် တခါ ပြန်ထိုင်ချလိုက်သည်။

"မင်း ငါ့ဆီကစာကိုယူသွား။ ပြီးတော့ ဒီစာသူ့လက်ထဲ ရောက် မရောက် သိအောင်လုပ်ခဲ့”
"ကျမ ကတိပေးတယ်။ ပြီးတော့ ကျမ အဲဒီမှာနေမယ်။ စဝ်ဘုရားဆီက တိုက်ရိုက်သတင်းရမှပဲ ပြန်လာခဲ့မယ်” နိုင်းနိုင်းအသံက သူမကိုသူမ သေချာပေါက် ပြောနေသည်။

“ဒါပေမဲ့ အားရောရှိရဲ့လား နိုင်းနိုင်း။ အားကျိုးမာန်တက်လုပ်ရမှာ အန္တရာယ်မရှိတာလည်းမဟုတ်ဖူး ”သုစန္ဒာက စိုးရိမ်စိတ်ဖြင့်ပြောလိုက်သည်။ သူမသည် နိုင်းနိုင်း၏ တိုးတိမ်စွာပြောသော စကားသံကိုပြန်ကြား ပြန်တွေးနေမိ လေ၏။ထိုအဖြစ်က သူတို့ကို လပေါင်းများစွာ ကြာအောင် သတိပေးနေခဲ့သည ။

"ဘုရားသခင်က ကူညီပါလိမ့်မယ်” အဖြေကို ဘာသာရေးကိုင်းရှိုင်းသော သူနာပြုဆရာမကြီးကပြောခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။

Ku Mojo - Cartoon

ချစ်တတ်သူများ ...ချစ်ကြသူများ
ကာတွန်း - ကူမိုးကြိုး
မေ ၃၁၊ ၂၀၁၂


Letter to MoeMaKa

လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ပေးပါ (ပေးစာ)
တက်တိုးမောင် (မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်)
မေ ၃၁၊ ၂၀၁၂


သို့/
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်

လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန့်ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း

ကျွန်တော်တို့ရခိုင်ပြည်၌မြစ်ကြီးလေးသွယ်ရှိတဲ့အထဲမှ အဉ္စနနဒီ (ခ) လေးမြို့မြစ်အားပိတ်ဆို့ပြီး ရေအားလျှပ်စစ်စံမံကိန်းပြုလုပ်နေပါ သည်။ ကျွန်တော်တို.သည် ၎င်းလေးမြို့မြစ်ရေဖြင်.သုံးစွဲချက်ပြုတ်ကြရပြီး၊ ၎င်းမြစ်ပတ်ဝန်းကျင်တွင်လည်း လယ်မြေ၊ ယာမြေ၊ ကိုင်းအစရှိ သည်တို့ကိုပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေရပါသည်။ ၎င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါးအတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။ အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းကို မြစ်၏အထက်ပိုင်းတွင်စက်ကြီးများဖြင့်တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ် ညမ်းခြင်း၊ သုံးစွဲမရခြင်း၊ မြစ်ထဲမှာရှိတဲ့ငါးများ မြစ်ရေညစ်ညမ်းမှုဖြင့် အလိုအလျောက်သေခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ၎င်းအပြင် မြစ်ကမ်းနဘေးမှရွာများမှာလည်း ၎င်းလေးမြို့မြစ်ရကိုသုံးစွဲမိကြသဖြင့် ကျန်းမာရေးများလည်း ထိခိုက်လျက်ရှိနေကြပါတယ်။ ၎င်းအပြင် ထိုလေးမြို့မြစ်၏ ဘေးဘယ်ညာ တစ်ဘက်တစ်ချက်တွင်လည်း ၎င်းလေးမြို့မြစ်ကရေကို အမှီသဟဲပြု၍ လယ်မြေ၊ ကိုင်းကျွန်း အစရှိသည့် စိုက်ပျိုးမြေများလဲ နောင်တစ်ချိန်တွင် စိုက်ပျိုးစားသောက်၍ရရှိမည့်နည်းလမ်းများလည်း အလွန်နည်းနေလျှက်ရှိနေပါတယ်။ ၎င်းမြစ်ရေကို အမှီပြု၍ လုပ်ကိုင်စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။



အကယ်၍ ဒီလေးမြို့မြစ်စီမံကိန်းဖြစ်ပေါ်လာခဲ့လျှင်လည်း ကျွန်တော်တို့ရခိုင်ပြည်ရှိ လေးမြို့မြစ်ပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်စား သောက်လျှက်ရှိကြသော ပြည်သူများမှာလည်း အလုပ်လက်မဲ့ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲကျပ်တည်းမှုများစွာနဲ့ရင်ဆိုင်ရမည့်အရေးနဲ့ကြုံကြိုက်နေရပါသောကြောင့် သနားညှာတာထောက်ထားစွာဖြင့် ဒီလေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန့်ပေးပါရန် ရိုသေလေးစားစွာဖြင့် သမ္မတကြီး ဦးသိန်းစိန်အား မေတ္တာရပ်ခံတောင်းဆိုသမှုပြုလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါ တယ်။

Tuesday, May 29, 2012

Nyein Chan Aye - Dear Mr Hatred ...


အမုန်းကြီးသူ သို့
ငြိမ်းချမ်းအေး၊ မေ ၃၀၊ ၂၀၁၂
ခင်ဗျား ဟာ ခင်ဗျားနဲ့ တသွေမတိမ်း အလုံးစုံ မတူသူ အားလုံးကို မုန်းနေတယ်လို့ ထင်တယ်။ ခင်ဗျား ဟာ ခင်ဗျား တိုင်းပြည်ကို ချစ်တာထက်ပိုပြီး ခင်ဗျားနဲ့ သဘာဝအရ မတူနိုင်တဲ့ သူအားလုံးကို မုန်းနေတယ်။
ခင်ဗျား ဟာ လိင်တူ ချစ်သူတွေကို မုန်းတယ်။
နိုင်ငံခြားမှ လာရောက် အခြေချနေထိုင်သူတွေ၊
လူမည်းတွေ၊ အသွေးအရောင် ကွဲပြားသူတွေ၊
တရုတ်တွေ၊ အိန္ဒိယ အနွယ်တွေ၊ မူဆလင်တွေ၊
ဘာသာကွဲတွေ၊ ဘာသာရေး အရ ရှေးရိုးမစွဲ အမြင်မကျဉ်းမြောင်းသူတွေ၊
ဘာသာမဲ့တွေ၊ ဘုရားကို မယုံကြည်သူတွေ၊
အလုပ်သမား  သမဂ္ဂတွေ၊
မိမိရဲ့ကိုယ်ခန္ဓာရွေးချယ်မှုအတွက် အခွင့်အရေးတောင်းတဲ့ အမျိုးသမီးတွေ၊
လူ့အခွင့်အရေးတောင်းဆိုနေသူတွေ၊
အမျိုးသမီး အခွင့်အရေး အတွက် တိုက်ပွဲ ဝင်နေသူတွေ၊
ကလေးအခွင့်အရေးအကြောင်း ပြောနေသူတွေ၊
 လိင်တူ ချစ်သူလက်ထပ်ခွင့် တောင်းဆိုနေသူတွေ၊
ဆင်းရဲသားတွေ … …. … ဒါတွေ အားလုံးကို ခင်ဗျား မုန်းနေတယ်။

ဘောလုံးသမား အီဗရာကို မန်ယူ အသင်းမှာ ကစားလို့၊ ပြင်သစ် အသင်းသားဖြစ်လို့ကြောင့် မဟုတ်ဘဲ၊ သူရဲ့ အပေါ်ယံ အရေပြား အရောင်အသွေးကြောင့် ခင်ဗျာ မုန်းနေတယ်။
စကားတစ်လုံးတည်းနဲ့ ပြီးအောင် ပြောရရင် "လွတ်လပ်မျှတတဲ့ အတွေးအခေါ်" ဆိုတာကို ခင်ဗျား မုန်းနေတယ်။
ခင်ဗျား ဟာ ခင်ဗျားကို လူမျိုးရေးခွဲခြားတတ်သူလို့ ခေါ်ခံရရင်လည်း မုန်းတယ်။
 ကိုးကွယ်တဲ့ ဘာသာ မတူမှု၊ ယုံကြည်မှု မတူမှုအပေါ် ခွဲခြားဆက်ဆံတတ်သူလို့ ခေါ်ခံရရင်လည်း မုန်းတာပဲ။
ခင်ဗျားဟာ …
လူမည်းတွေ၊ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု စတဲ့ မတူကွဲပြားခြားနားမှု ရှိနေသူတွေရဲ့ ဘဝအကြောင်းကို အရေးတယူ စာနာနားလည်စိတ်နဲ့ ပြောလာမယ်ဆိုရင်၊
သူတို့တတွေက မွေးစာရင်းတောင်းတဲ့ အချိန်၊ နိုင်ငံသားကဒ်ပြားတောင်းတဲ့အချိန် မှာ ဒီကောင်တွေ ထမင်းစားလက်မှတ်ရဖို့အတွက် ဒါတွေ တောင်းနေတာပါလို့ အလိုအလျောက် ကောက်ချက် မဆွဲတော့ဘူး ဆိုရင် …
ခင်ဗျားကို လူမျိုး၊ ဘာသာ အသားအရောင် ခွဲခြားဆက်ဆံတတ်သူလို့ မခေါ်တော့ပါဘူး။

ခင်ဗျား ဟာ လူတွေအားလုံးက အတူတူပဲ၊ နိုင်ငံတစ်နိုင်မှာ နေထိုင်နေသူအားလုံး တန်းတူ နိုင်ငံရဲ့ ဓန အပါအဝင် အရင်းအမြစ်တွေ အားလုံး ညီတူညီမျှ ခွဲဝေ သုံးစွဲစေရမယ် ဆိုတဲ့ နိုင်ငံရေး အတွေးအခေါ်၊ လူမှု တရားမျှတမှုရှိရမယ် ဆိုတဲ့ လူမှုရေး အတွေးအခေါ်တွေကိုလည်း မုန်းနေတာပါပဲ။
ခင်ဗျား ဟာ ဘာသာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ် ပေါင်းစုံ ထွန်းကားမှုကို အားပေးတဲ့ ဗဟုဝါဒ ကိုလက်ခံသူ၊ အားပေးသူ နဲ့ အတွေးအခေါ် သမာသမတ်ကျ ပျော့ပြောင်းရမယ်လို့ ဆိုသူတွေ အားလုံးကိုလည်း မုန်းနေတယ်။
အစိုးရက နိုင်ငံရေးအလိုအရ ပုံဖော်ထားတဲ့ (Politically Manipulated)  မှိုင်းတိုက်ထားသမျှ လူမျိုးကြီးဝါဒ၊ ပြင်းထန်တဲ့ အမျိုးသားရေးဝါဒ၊ မျက်ကန်းမျိုးချစ်စိတ်၊ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု  အစွန်းရောက်၊ ပြင်းထန် ရှေးရိုးစွဲမှု စတဲ့  ခေတ်နောက်ပြန်ဆွဲနေတဲ့ ကြောက်စရာကောင်းတဲ့ အတွေးအခေါ်တွေကို လက်မခံသူ အားလုံးကို ခင်ဗျား မုန်းနေတယ်လို့ တိုတိုပြောနိုင်တယ်။
ခင်ဗျားရဲ့ အတွေးအခေါ် နဲ့ လုပ်ရပ် ဟာ ကျနော့်ကို စိတ်ပျက်စေတယ်။
ခင်ဗျားရဲ့ အစွန်းရောက်တဲ့ အမုန်းတရားက ကျနော့်ကို ပျို့အန်စေတယ်။
ခင်ဗျားရဲ့ ဘာသာ၊ လူမျိုး၊ ယုံကြည်မှု မတူမှုအပေါ် ခွဲခြားချင်တဲ့ စိတ်၊ လက်မခံနိုင်တဲ့ သဘောထားက ကျနော့်ရဲ့ လွတ်လပ်မျှတတဲ့ အတွေးအခေါ်ကို စော်ကားနေတယ်။
 ခင်ဗျားရဲ့ လူမျိုးရေးခွဲခြားတတ်မှုက ကျနော့်ကို တော်လှန်လိုစိတ်တွေ ဖြစ်စေတယ်။
အမုန်းကြီးသူကြီးရေ ခင်ဗျားရဲ့ မျိုးချစ်စစ်ကို ပွင့်ပွင့်လင်းလင်းပဲ မေးခွန်းထုတ်ချင်တယ်။
ကျေးဇူးပြုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ မုန်းနေတဲ့ ခင်ဗျား ရဲ့ အမုန်းတွေကို ရပ်တန်းက ရပ်လိုက်ပါ။
သဘာဝကျကျ မဟုတ်၊ သိပ္ပံနည်းမကျ၊ အကျိုးအကြောင်း မညီတဲ့ စဉ်းစားတွေးခေါ်၊ ပြုမူဆက်ဆံမှုတွေကို ပျော်ပျော်ပါးပါးကြီးလုပ်နေတာ ကို ရပ်လိုက်ပါ။
ဒါတွေဟာ ရှက်ဖွယ်လိလိ အတွေးအခေါ်တွေ၊ အပြုအမူတွေ ဆိုတာကို နားလည်ပါ။ ဒါမျိုးတွေအတွက် ရှက်တတ်ပါ။
လက်တွေ့ သုံးစားမရတဲ့ လူမျိုးတစ်မျိုးချင်းရဲ့ ဝိသေသတွေ၊ စရိုက်လက္ခဏာတွေ၊ တန်ဖိုးတွေ ထက် လူမှန်ရင် ရှိရမယ့် လူ့တန်ဖိုးတွေ၊ လူ့ယဉ်ကျေးမှုတွေ၊ လူလူချင်း စာနာထောက်ထားငဲ့ညှာမှုတွေ၊ ချစ်ခြင်းမေတ္တာတွေ ကို မပျောက်ပျက်အောင်၊ ရှင်သန်တိုးပွားအောင်လုပ်ပါ။
ခင်ဗျား အလေးထားတဲ့၊ ယုံကြည်တဲ့ ဘာသာတရားတွေရဲ့ အဆုံးအမကလည်း လူလူချင်း ချစ်ဖို့ပဲ လမ်းညွှန်ပါတယ်။
ကိုယ်နဲ့ မတူတဲ့သူတွေ အကုန်လုံးကို မုန်းရမယ်လို့ သွန်သင်ထားခြင်း မရှိပါ။

နေရာ ဒေသ၊ ပထဝီ၊ ရာသီဥတု၊ ကိုးကွယ် ယုံကြည်မှု၊ အစဉ်အလာ မတူကွဲပြား ကွားခြားလို့ ဓလေ့ ထုံးစံတွေ၊ ရုပ်လက္ခဏာ အသွင်အပြင်၊ အစားအသောက်၊ အဝတ်အထည်၊ အသုံးအဆောင်တွေ မတူနိုင်ဖူးဆိုတာ သဘာဝပါ လို့ လက်ခံရပါမယ်။
သဘာဝအရ ရုပ်သွင်ပြင် ကွဲပြားမှုကို လူမျိုးခွဲမယ်ဆိုရင်တောင် ရှေးမနုဿဗေဒအယူအဆအရ မွန်ဂိုလွိုက် (အာရှ နဲ့ အမေရိက အင်ဒီးယန်း၊ လက်တင် ၊ လူဝါ ၊ လူနီ) ကော့ကဆွိုတ် (ဥရောပ လူဖြူ) ၊ သြစတြေလွိုက် (သြစတေးလျန် နဲ့ သမုဒ္ဒရာပိုင်း နေထိုင်သူ)၊ နီဂရွိုက် (အရှေ့ အာဖရိက လူမည်း) နဲ့ ကက်ပွိုတ် (တောင် အာဖရိက လူမည်း) စတဲ့ အုပ်စုအနေနဲ့ သာခွဲနိုင်တယ်။
ဒါလည်း ခုနောက်ပိုင်း အယူအဆတွေအရ လူမျိုးတွေ ဒီလို မနုဿဗေဒအရ အုပ်စု ခွဲတာဟာ ပုဂ္ဂလိက ခံစားချက်တွေ၊ ယုံကြည်မှု တွေ အပေါ်သာ အခြေခံပြီး (subjective judgement) ၊ တနည်းအားဖြင့် လူမျိုးခွဲခြားချင်စိတ်ကြောင့်သာ ဖြစ်ပြီး တကယ် မှန်ကန်တဲ့ အချက်အလက်ကို အခြေခံဖို့က သုတေသနတွေ အများကြီး ထပ်လုပ်ဖို့ လိုသေးတယ်ဆိုတာ ထင်ရှားတယ်။
 နောက်ပိုင်း အသေးစိတ်အထိ ခွဲခြားစိတ်ဖြာလေ့လာနိုင်တဲ့ DNA နည်းပညာတွေ ဒီထက်ပိုပြီး တိုးတက်လာရင်  လူသားမျိုးနွယ်အားလုံးမှာ တည်ရှိနေတဲ့တဲ့ ဘုံတူညီမှုတွေကို ရှာဖွေဖော်ထုတ်နိုင်လာမှာ ဖြစ်တယ်။
မလွဲဧကံ သေချာတစ်ခုကတော့ လူဟာ စဉ့်ကဲဖြစ်စဉ်အရ တဖြည်းဖြည်းတိုးတက်ဖွံ့ဖြိုးလာပြီး သွားလာနေထိုင်တဲ့ ပတ်ဝန်းကျင်၊ ရာသီဥတုအရ အသွင်အပြင်၊ အသွေးအရောင်တွေ ကွဲပြားသွားတယ် ဆိုတာပါ။
ဒါကြောင့် "ကျုပ်ကတော့ ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံသား၊ ဘယ်လူမျိုး ဖြစ်တယ်" ဆိုတာထက် "လူအမျိုးအနွယ်၊ 'လူ'  လူမျိုး၊ ကမ္ဘာနိုင်ငံသား ဖြစ်တယ်" ဆိုတာကို ဂုဏ်ယူပြီး သဘာဝအရ ရွေးချယ်ခွင့်မရှိလို့ မတူကွဲပြားမှုတွေကို နားလည်လက်ခံ၊ ချစ်ခင်တတ်ပါစေ။
ကိုယ်နဲ့ သဘာဝအတူ အုပ်စု မဟုတ်တာနဲ့ မုန်းရမယ်၊ သတ်ရမယ် ဆိုတာ ကျောင်ခေတ်လူသားတွေ ရဲ့ စဉ်းစာပုံ နဲ့ ပြုမူပုံပါ။ (၂၁) ရာစုကို အချိန်ကာလ အားဖြင့် ရောက်နေသလို အသိဥာဏ်၊ ပညာ၊ အတွေးအခေါ်၊ စဉ်းစာပုံ၊ ပြုမူပုံ အားဖြင့်လည်း ရောက်အောင် ကြိုးစာပါ။ ကျင့်ကြံပါ။
နောက်ဆုံးအနေနဲ့တော့ ခင်ဗျားရဲ့ အမုန်းတွေ၊ ရက်စက်မှုတွေ၊ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ၊ အဆင်အခြင်မဲ့တဲ့ အပြုအမူတွေ၊ အတ္တကြီးမှုတွေ အတွက် ကျနော်ဟာ အံ့သြ၊ ထိတ်လန့် တုန်လှုပ်၊ ရှက်ရွံ့ ဖြစ်ရတာလွဲလို့ ခင်ဗျားကို ကျနော် မမုန်းပါဘူး ဆိုတာကို ပြောချင်တယ်။
ခင်ဗျားကို ခွင့်လွှတ်တယ်။
ခင်ဗျား အမှန်ဘက်၊ အကောင်းဘက်၊ တရားမျှတမှုဘက်ကို တနေ့မှာ ပြောင်းလဲလာမှာပဲလို့ မျှော်လင့်တဲ့အကြောင်းပြောရင်းနဲ့ ခင်ဗျားကို မမုန်းနိုင်တဲ့ အကြောင်းရင်းကို အသိပေးချင်တယ်။
ခင်ဗျားတစ်ယောက်တည်းရဲ့ အမုန်းက ကျန်သူတွေ အားလုံးအတွက် လိုအပ်တာထက်ပိုနေပြီ ဖြစ်လို့ ဖြစ်တယ်။
၂၈ ၊ မေ ၊ ၂၀၁၂
မှတ်ချက်။   ။ အထက်က "ခင်ဗျား" ဟာ ခုစာဖတ်နေသူ မဖြစ်ဖို့ မျှော်လင့်တယ်..။ အချက်လက် တချို့မှာ ဖြစ်နိုင်နေရင်လည်း အမြန်ဆုံး ပြင်ဆင်နိုင်လိမ့်မယ်..၊ အမြန်ဆုံး ပြင်ဆင်ဖို့ စိတ်ကူးရှိတယ်..၊ ကြိုးစားနေတယ်လို့ မျှော်လင့်တယ်..။
ဝန်ခံချက်။  ။ Daily Kos မှာ "အမှန်တရား ဝန်ကြီးဌာန" ရေးတဲ့ "သူတို့ဟာ အမေရိကကို ချစ်တာထက် အိုဘားမားကို ပိုမုန်းတယ်" ဆိုတဲ့ စာကို ဖတ်ပြီး ဒီစာရေးဖို့ စိတ်ကူးရတယ်..။ စကားလုံး တချို့ကိုလည်း မှီးတယ်..။