သားကြီးမောင်ဇေယျ - ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ

သားကြီးမောင်ဇေယျ - ဥပဒေစစ်မြေပြင်က ခွပ်ဒေါင်းများ
(ဒီမိုပညာကျောင်းသားများ ၆ ကြိမ်မြောက် ရုံးထုတ်)
(မိုးမခ) မေ ၁၉၊ ၂၀၁၅

သာယာဝတီတရားရုံး လမ်းမတန်းဝင်ပေါက်မှာ သံဆူးကြိုးအထပ်ထပ်နဲ့ ရဲလုံခြုံရေးတွေချထားတာတွေ့ရပါတယ်။ ၀င်ခွင့်မရ ပါ။ အဲဒါကြောင့် ကျနော်တို့ ဘေးဝင်ပေါက်ကို လာခဲ့ပါတယ်။ ဘေးဝင်ပေါက်ရောက်တော့ လူငါးဆယ်လောက် ရုံးစု ရုံးစုနဲ့ ရောက်နေပါပြီ။

ဒါဟာ ကျောင်းသားတွေ ကိုခြောက်ကြိမ်မြောက်ရုံးထုတ်တာ ဖြစ်ပြီး၊ သာယာဝတီတရားရုံးမှာတော့ ပထမဆုံး ရုံးထုတ်တာပါ။ ပြီးခဲ့တဲ့ ၅ ကြိမ်ကိုတော့ လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ သာယာဝတီ တရားရုံး မှာ အခုလို ရုံးထုတ်ခဲ့တာပါ။

ရောက်ရောက်ချင်း ကျနော်တို့ တရားရုံးဝန်းကျင် မြင်ကွင်းတွေကို ဗီဒီယိုလိုက်ရိုက်ပါတယ်။ ကိုဉာဏ်ကြီးက မကွေးသား  ၀န်းရံတဦးဖြစ်တဲ့ အသားဖြူဖြူ မျက်နှာပြည့်ပြည့် အသက် ၄၀ ကျော် တယောက်ရဲ့ သဘောထားကိုမေးပါတယ်။ လက်ရှိ ကျောင်းသားလူပ်ရှားမှုကို သူဘယ်လိုမြင်သလဲပေါ့။ သူနာမည်က ကိုခင်မောင်ကြည်တဲ့။

“ပင်မစစ်ကြောင်းကို စထွက်ကတည်းက ကျနော်တို့ စိတ်ဝင်စားခဲ့တာဗျာ့၊ ကျနော်တို့နိုင်ငံရဲ့ ပညာရေးအပြောင်းအလဲဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးသိကြတယ်။ ဒါကြောင့်မို့ စထွက်ပြီဆိုကတည်းက စိတ်ဝင်တစားနဲ့ စောင့် ကြည့်ခဲ့တယ်။ လက်ပံတန်းမှာ တားဆီးလိုက်ပြီဆိုကတည်းက ကျနော်တို့ စိတ်ဝင်စားမှုတွေ မြင့်လာတယ်”

သူက စစ်အစိုးရလက်ထက် နိုင်ငံရေး အကျဉ်းသားဟောင်းတယောက်ပီပီ ကျောင်းသားလူပ်ရှားမှုကို စိတ်ပါ လက်ပါ ထောက်ခံနေသူတယောက်ပါ။ တရားရုံးတွေ၊ လုံခြံရေးတွေ ဘယ်လိုပဲပြောင်းခဲ့ပေမယ့် ထောက်ခံအားပေးသူတွေရဲ့စိတ်ဝင်စားမှုကတော့ မပြောင်းလဲခဲ့ဘူးဆိုတာ သူ့စကားတွေက ထင်ရှားစေပါတယ်။

ဝန်းတံခါးဖွင့်ပြီဆိုတာနဲ့ ကိုရန်နိုင်ရယ်၊ ဉာဏ်ကြီးရယ်၊ ကျနော်ရယ် သုံးယောက်သား ကင်မရာကိုယ်စီနဲ့ လုံခြုံရေးတွေကြား ဖြတ်ပြီး တရားရုံးဝန်းထဲကို ၀င်ခဲ့ပါတယ်။ အထဲမှာ သတင်းထောက်ကဒ်ပြားနဲ့ ၀င်ခွင့်ကဒ်ကိုလဲရင်း ဧည့်စာရင်းမှာ လက်မှတ် ထိုးရပါတယ်။ လူတယောက်က ကျနော်နားကပ်လာပြီး အင်္ကျီအိတ်ထဲကို စာရွက်လေးတရွက် ထိုးထည့်သွားပါတယ်။

လည်စည်းအနီ ရဲတွေနဲ့၊ တရားစွဲခံ ကျောင်းသား မိဘဆွေမျိုးတွေဟာ ဟိုနားစုစု ဒီနားစုစုနဲ့ပါ။ သူတို့ကို အင်တာဗျူး တခု လောက်များ ရလိုရငြား လိုက်ကြည့်နေတုန်း အပြာရင့်ရောင် အချုပ်ကားတွေဟာ ကျောင်းသားတွေကိုသယ်ဆောင်ရင်း မြှားတစ်စင်းလို တဟုန်ထိုး ၀င်ရောက်လာပါတယ်။

‘‘သပိတ် သပိတ် မှောက်မှောက်”
‘‘မီးဒုတ် မီးဒုတ် ရှို့ရှို့”
‘‘အရေးတော်ပုံ  အောင်ရမည်”

အချုပ်ကားပေါ်က အားပြင်းပြင်း လွင့်ပျံလာတဲ့အသံတွေကြောင့် လုံခြုံရေးတွေကြားတိုးကာဝှေ့ကာ ကား ရပ်မယ့်နေရာနား ကို  အပြေးသွားခဲ့ပါတယ်။ ကင်မရာခလုပ်ကတော့ ဖွင့်ပြီးသား အဆင်သင့်။

အချုပ်ကားပေါ်က ဆင်းလာပါပြီ။

ကျောင်းသူတွေ လက်ဝှေ့ယမ်းနှုတ်ဆက်ရင်း အချုပ်ကားပေါ်က ဆင်းလာပါပြီ။ လက်ပံတန်းဒေသခံ ၀န်းရံပြည်သူ အသက် ၄၀ ကျော်အမျိုးသမီးကြီးတဦးက လက်သီးလက်မောင်းတန်းရင်း ရှေ့ဆုံးဦးဆောင်လာပါတယ်။ သူနောက်က ဆင်းလာသူက မဖြိုးဖြိုးအောင်ပါ။ အင်္ကျီဖြူ၊ ထမီအနက်စင်းနဲ့။ သူက လက်နှစ်ဖက်စလုံးကို စုံမြှောက် ဝှေ့ယမ်းလိုက်ပါတယ်။

ဖြိုးဖြိုး   ဖြိုးဖြိုး
ဖြိုးဖြိုး  ဖြိုးဖြိုး

အချုပ်ကားကို ၀ိုင်းကာထားတဲ့ရဲတွေနောက်က လူအုပ်ကြီးဟာ လက်သီး လက်မောင်းတွေ ဆန့်တန်းရင်း မဖြိုးဖြိုးအောင် နာမည်ကို ထပ်ခါတလဲလဲ သံပြိုင် ခေါ်လိုက်ကြပါတယ်။ အသံတွေက ဟိန်းဟိန်းညံလို့။
သူ့နောက်က မဟန်နီဦး။
နောက် တယောက်က ထမီအနီ ၊ ကျစ်ဆံမီးနဲ့ ကျောင်သူလေး။
နောက် တယောက်ပြီးတစ်ယောက် အားလုံးပေါင်း  ၇ ယောက်။

ဒီတခါတော့ သူတို့ကိုလက်ထိပ်ခတ်မထားတော့ပါ။  ပြီးခဲ့တဲ့ ရုံးချိန်းမှာ အမျိုးသမီးတွေကို လက်ထိပ်မခတ်ရေး တောင်းဆိုမှု အောင်မြင်ခဲ့ပြီပေါ့။

တရားဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို သူတို့ အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့ပါပြီ။  ကင်မရာသမားတွေကလည်း ဖြေးဖြေး လျှောက်ဖို့ ကျောင်းသူတွေ ကိုအော်ပြောနေပါတယ်။ ကျောင်းသူ ကျောင်းသားတွေ တရားရုံးထဲ ၀င်သွားပါပြီ။ အပြင်မှာကျန်ရစ်တဲ့ မိဘတွေရဲ့ရင်ထဲမှာတော့  စိုးရိမ်သောကနဲ့ မခံချင်စိတ် မြင့်တက်နေပါတယ်။

“ကျမတို့သားသမီးတွေနဲ့ခွဲနေရတာ ရက်ပေါင်း ငါးဆယ်ရှိပြီ  ဘယ်လောက်ခံစားရတယ်ဆိုတာ စဉ်းစားကြည့်ပါ  x x ထောင် ထဲမှာ ငါ့သားလေး ဘယ်လိုများနေသလဲ စဉ်းစားမိတိုင်း  ညည အိပ်လို့တောင်မပျော်ဘူး”

အင်္ကျီနံ့သာရောင်ဖျော့ဖျော့ ၀တ်ဆင်ထားတဲ့ အသားဖြူဖြူ၀၀ မိန်းမကြီးတယောက်က သူ့ခံစားချက်တွေကို မျက်ရည်စက် လက် နဲ့ ဖွင့်ထုတ်နေပါတယ်။ တခါတရံ သူစကားသံတွေဟာ ကျယ်လောင်လာလိုက်၊ တခါတရံ သူ့စကားတွေဟာ လည် ချောင်းမှာ တစ်ဆို့နေလိုက် ။ သူနူတ်ဖျားမှာ ထစ်ငေါ့နေလိုက်။

“ကျမတို့ သားသမီးတွေကို ပြန်ပေးဆွဲထားတာ ရက်ပေါင်း ၅၀ ရှိပြီ”

သားနဲ့ဝေးကွာနေတဲ့ လွမ်းရက်ရှည်တွေကို လက်ချိုးရေတွက်ရင်း စောင့်မျှော်နေခဲ့သူ ကျောင်သားခေါင်းဆောင် ကိုသီဟ ၀င်းတင်ရဲ့မိခင် ပြောလိုက်တဲ့စကားသံပါ။

သူ့ရင်ထဲက ရုတ်တရက်ထွက်ကျ လာတဲ့ ကျမတို့သားသမီးတွေကို ပြန်ပေးဆွဲထားတာဆိုတဲ့စကားဟာ ဒီမိုက်ရေစီတက်ကြွ လူပ်ရှားသူတွေရယ်၊ ဒီမိုကရေစီကိုထောက်ခံအားပေးတဲ့ နိုင်ငံတကာရယ်၊ လက်ရှိ ဦးသိန်းစိန် အရပ်ဝတ်အစိုးရတို့ရယ် ဆက်ဆံနေရတဲ့ ဒီနေ့ နိုင်ငံရေးအခင်းအကျင်း တစိတ်တပိုင်းကို ဖျတ်ကနဲ လစ်ပြလိုက်သလိုပါပဲ။

“စာပေးစာယူတက်တဲ့လူတွေကို  ကျောင်းသားလို့ မသတ်မှတ်ဘူးတဲ့။ တက္ကသိုလ်ရဲ့ပညာရေးတက္ကသိုလ်ဘွဲကို ဘာဖြစ်လို့ ပေးနေလဲ။ ဘာဖြစ်လို့ ဒီပညာရေးကို ဆက်ပြီးသင်နေလဲ။ ကျမ အဲဒါကိုသိချင်ပါတယ်”

ဒီမိုပညာရေးလူပ်ရှားသူ စာပေးစာယူကျောင်းသား ကိုမင်းသူရှိန်မိခင် ဒေါ်လဲ့လဲ့မိုးက လက်ရှိ ပညာရေးစနစ် ကမောက်ကမ နိုင်မှုကို မေးခွန်းထုတ်လိုက်ပါတယ်။

“ဒီထဲမှာ အချုပ်ခံထားတဲ့အခါကျတော့ သူတို့စာမေးပွဲဖြေဖို့က လုံးဝကို ဆုံးရှုံးမယ့်အနေအထားဖြစ်နေပြီခင်ဗျာ့” ကျောင်း သား ကိုရဲဝင်းသူဖခင် ဦးစံထွန်းက သူစိုးရိမ်မှုကိုဖော်ပြပါတယ်။ ဒါဟာ သပိတ်မှောက်ကျောင်းသားတွေကို ပညာရေးသင်းသတ်ခံရသလိုဖြစ်နေပါတယ်။
သပိတ်မှောက် ကျောင်းသူခေါင်းဆောင် မဖြိုးဖြိုးအောင် ကလည်း သံဇ ကာကြားကနေ သူသဘောထားကိုခုလို ပေးပါတယ်။

“တိုင်းပြည်ရဲ့ အနာဂတ် ကောင်းရာကောင်းကြောင်း လုပ်တဲ့သူတွေဟာ ပိုပြီး ပညာပြည့်ဝဖို့လိုပါတယ်။ ဒါကြောင့်မို့ ကျမက ဒီကျောင်းသားတွေ စာမေးပွဲ ဖြေခွင့် ရှိကို ရှိရမယ်”

မဖြိုးဖြိုး ဘေးတဖက်တချက်က မအိသဉ္ဇာမောင်နဲ့ နောက်တယောက်ကတော့ အပြုံးကိုယ်စီနဲ့ သတင်းထောက်တွေ မေး သမျှကိုဖြေနေပါတယ်။ သူ့နောက်မှာ ရဲမေတွေတန်းစီပြီး စောင့်ကြပ်နေပါတယ်။ တင်းကြပ်တဲ့လုံခြုံရေးတွေ မျက်စိရှေ့မှာပဲ အားပေးထောက်ခံသူ တွေများသည်ထက်များလာပါတယ်။ လက်ထိပ်တန်းလန်းနဲ့ ကျောင်းသားကျောင်သူတွေကို မြင် လိုက်တိုင်း  ပရိသတ်ရဲ့အားပေးထောက်ခံသံတွေ ပိုမိုကျယ်လောင်လာပါတယ်။

ဒို့ကျောင်းသားတွေ  ညီရဲ့လားဟေ့
ညီတယ်ဟေ့  ညီတယ်ဟေ့
ခွပ်ဒေါင်းသွေးတွေ နီရဲ့လားဟေ့
နီတယ်ဟေ့ နီတယ်ဟေ့

ကတိမတည်တဲ့ အစိုးရအကြောင်း ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်က သံဇကာကိုကျော်ပြီး သတင်းထောက်တွေကို ရှင်းပြကြပါတယ်။ သူဆံရှည်ရှည်ဟာ လေထဲမှာဝဲလို့ပျံလို့။ သူ့လည်ပင်းက စံပယ်ပန်းကုံးကလေးဟာ နွဲ့လို့ ယိမ်းလို့။  သူ့ အသံက ဘေးက ဆူညံသံတွေကို ကျော်လို့လွှားလို့။

လွှတ်တော်မှာ ရှိတဲ့ ဥပဒေကြမ်း ကော်မတီက လူတွေ သက်သေရှိတယ်။ ဒီလေးပွင့်ဆိုင် သဘောတူညီချက်မှာ ကျနော်တို့ ကို ၊  ဒီသပိတ်ကို ဦးဆောင်တဲ့ကျောင်းသားရော ၀န်းရံတဲ့ ပြည်သူရော လုံးဝ အရေးမယူပါဘူးဆိုတဲ့ သဘောတူညီချက်ပါတယ်။ ဒါဟာ သမတရုံးဝန်ကြီးတစ်ယောက် လက်မှတ်ထိုးထားတာဖြစ်တယ်။ သမတမသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ပြည်ထဲရေး ၀န်ကြီး မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။

ဟိုဖက်အပေါက်မှာ ကိုသီဟ၀င်းတင်က လက်ထိပ်ကိုမြှောက်ပြီး ဒီမိုကရေစီပညာရေးအောင်မြင်ဖို့ဟာ သူတို့လွတ်မြောက် ရေးထက် ပိုအရေးကြီးကြောင်း ကျောင်းသားခေါင်းဆောင် ကိုသီဟ၀င်းတင်က သတင်းထောက်တွေကို လှမ်းအော်ပြောနေပါ တယ်။

ကျနော်တို့ လွတ်မြောက်ရေးဟာ ဒုတိယ အဆင့်မှာပဲရှိပါတယ်။ ကျနော်တို့ရဲ့ မူလပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီပညာရေး အတွက် ဆက်လက်တိုက်ပွဲဝင်ကြပါ။

အစောင့်ရဲက အဆင်းဆွဲခေါ်မှ ကန့်လန့် ကန့်လန့်နဲ့ ရဲနောက်ကို ပါသွားပါတယ်။ သူတို့လွှတ်မြောက်ရေးဟာ ဒုတိယ အဆင့်ပဲရှိတယ်ဆိုပေမယ့် သူတို့ ထောင်ထဲမှာ နေရတဲ့ဘ၀က လူ့အခွင့်အရေးတွေ ဆုံးရူံးလွန်းလှပါတယ်။

ဒါကို ကျောင်း သား ကိုမာနော်က ...
အကျဉ်းဦးစီးက ကျနော်တို့ကို ရှာဖွေရေးလုပ်တယ်၊လူ့ဂုဏ်သိက္ခာ ထိခုက်အောင်လုပ်ပြီး ကျနော့်ကို အတွင်းခံဘောင်းဘီ အတွင်းထဲ အထိရှာတယ်။

ကျောင်သားခေါင်းဆောင် မိုးထက်နေကလည်း
ရုံးထွက်က အပြန် ထောင်အ၀င်မှာကျရင် ရှာဖွေရေးကို တော်တော်ကြမ်းကြမ်းတမ်းတမ်းလုပ်တယ်။ အောက်ခံဘောင်း ဘီနှိုက်တယ်။ လူ့ဂုဏ်သိက္ခာနဲ့ မလျှော်တဲ့ဟာတွေ လုပ်တယ်။

ဒါဟာ သူတို့က ယဉ်ယဉ်ကျေးကျေးပြောတာပါ။ တကယ်တော့ ထောင်အာဏာပိုင်တွေက စအိုထဲမှာ ပိုက်ဆံထည့်လာတယ် ဆိုပြီး သူတို့ရဲ့ စအိုဝထဲကို လက်ညိုးထိုးမွှေတယ်ဆိုတာ ထောင်ကျဘူးသူတိုင်း ရိပ်မိကြပါတယ်။

ဒါကြောင့်လည်း မဖြိုးဖြိုးအောင်က လူခွင့်ရေး ချိုးဖေါက်ခံရတာနဲ့ ပတ်သက်လို့ သံဇကားကြားကနေ ခုလို တည်တည်ငြိမ်ငြိမ် မှတ်ချက်ပေးပါတယ်။

ထောင်ဆိုတာကတော့ သေချာတယ်၊ လူ့ဂုဏ်သိက္ခာ နှိပ်ကွပ်ထားတဲ့နေရာပါ။ အာဏာရှင်လက်အောက်က ထောင်တွေ ကတော့ အင်မတန် အန္တရာယ်ကြီးမားတယ်။

အိုင်စီအာစီ လိုမျိုးကြားဝင်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တောက်လျှောက်ရှိနေမယ်ဆိုရင် ပိုကောင်းမှာပါ။ ညနေ ၂ နာကျော်လောက်မှာ သူတို့ တရားရုံးကနေ ထောင်ကိုပြန်ခဲ့ကြပါတယ်။

ထောင်အပြန်လမ်းမှာတော့ အချုပ်ကားပေါ်က လက်နဲ့ အပြင်ကျောင်းသားတွေရဲ့လက်တွေချိတ်လို့၊ ဆက်လို့။ ခွပ်ဒေါင်း အလံတွေ ၀န်းလို့ ရံလို့။ ခွပ်ဒေါင်းတေးတွေ သံပြိုင် ဟစ်လို့ ဆိုလို့။

ရန်ကုန်အပြန်ကားပေါ်မှာ ကျနော့်အိတ်ထဲက စာရွက်ကလေးကိုထုတ်ကြည့်လိုက်တော့ စာရွက်ကလေးက ကြေမွမွ။ လက် ရေးကလည်း သေးသွယ်သွယ်။ သံတိုင်တွေကြားမှာ ဖွဲ့သီထားတဲ့ ကဗျာတပုဒ်။

ဟေ့ အာဏာရှင် ငါပြန်လာမယ်
ပူပြင်းတဲ့ နေပူပူကို အံတု
ခန္ဒာကိုယ်ကို အရင်းပြုပြီး
ငါတို့ တိုက်ပွဲ တည်ဆောက်ခဲ့တယ်။

မျှော်လင့်နေတဲ့ မျက်ဝန်းများစွာက
ငါတို့တိုက်ပွဲကို အရောင်တင်ပေးရင်း
ဂုဏ်ရောင်ပြောင်တဲ့ပေးဆပ်မှုတွေက
ငါတို့တိုက်ပွဲကို ကြီးမြတ်စေရင်းနဲ့ပဲ
မိုင်ရာချီ ကျော်ဖြတ်ခဲ့တယ်။

နီစွေးတဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းလွှင့်
ငါတို့ဦးခေါင်းထက်မှာ သွေးစက်လက်နဲ့ပဲ
နံရံလေးဘက်ကြားရောက်ခဲ့တယ်။

တိုက်ပွဲဝင်စိတ်ဓါတ်ကို တမြမြသွေး
အချိန်တွေကို နံရံတွေကြား မှာ ကုန်လွန်စေခဲ့တယ်။

စွန့်လွှတ်စရာဆိုလို့
နှောင်ကြိုးနဲ့ အသက်တချောင်းပဲရှိတဲ့
ငါ့အဘိဓမ္မာမှာ တွေဝေခြင်းကို
အဓိပ္ပါယ်ဖွင့်ဆိုမှုမရှိဘူး။

ဟေ့ အာဏာရှင် ထုသားပေသားကျနေတဲ့
တော်လှန်ရေးသမားတစ်ယောက်အဖြစ်
ငါပြန်လာခဲ့မယ်။

ဟိန်းဇော်ဝင်း

ကျနော့်မျက်စီထဲမှာ ပါးဖေါင်းဖေါင်း မျက်နှာဝိုင်းဝိုင်းနဲ့ အထက်ဗမာပြည်က ဗကသကျောင်းသားလေးတယောက်။

သားကြီးမောင်ဇေယျ